ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည့် ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် ခင်းကျင်းပြသရောင်းချထားသည့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုအားပေး ဝယ်ယူလျက်ရှိကြောင်း သိရသည်။
“ပြည်တွင်း ထုတ်ကုန်တွေကို တော်တော်လေးစိတ်ဝင်စားကြတာတွေ့ရတယ်။ ဈေးဆိုင်တိုင်းလည်း လူတွေပြည့်နေတာပဲ၊ တော်တော်လည်း စည်ကားပါတယ်။ အခုပြပွဲမှာ မြန်မာနိုင်ငံ ဖိနပ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကနေ ဖိနပ်အမျိုးအစားပေါင်း ၅၀ ကျော် ခင်းကျင်းရောင်းချပါတယ်။ တစ်နေ့ကို ၁၅ သိန်းနဲ့အထက် ရောင်းရတယ်၊ ဒီလိုပွဲတွေလုပ်ပေးတာ အလွန်ကျေးဇူးတင်တယ်၊ အခုလို SME အဖွဲ့တွေနဲ့လည်း တွေ့ခွင့်ရတယ်။ နှီးနှောဖလှယ်ခွင့်ရတယ်။ ဒါတွေက အမြတ်တွေပါပဲ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကံညွန့်က ပြောသည်။
အဆိုပါပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာဖြင့် ဂီတဖျော်ဖြေမှုများကို ကြည့်ရှုခံစားရင်း ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် ဈေးနှုန်းချိုသာစွာ ဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဖွင့်လှစ်ရောင်းချ
အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ လေးရက်တိုင်ကျင်းပခဲ့သည့် အဆိုပါပွဲတော်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနစသည်တို့မှ ထုတ်ကုန်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်များနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများ၊ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များမှ ဖွင့်လှစ်ရောင်းချသည့် ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၆၂၀ ခင်းကျင်းရောင်းချခဲ့ကြောင်း သိရသည်။
စိမ်းခက်


