ဘားအံ အောက်တိုဘာ ၇
ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တကဝိဓဇအမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ ၆ ရက် မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ကဦးစီး၍ တပည့်ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ သံဃပဝါရဏာသိမ်ဆင်း လောင်းလှူကြသည်။
စုပေါင်းလောင်းလှူ
ဘားအံမြို့ မဲဘောင်ကျောင်းတိုက် သိမ်တော်ကြီးအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သံဃာတော်များက ပဝါရဏာပြုတော်မူကြပြီး ပဝါရဏာပြုပြီးသည့် ဆရာတော်၊ သံဃာတော်များအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ စေတနာရှင်၊ အလှူရှင်များက သိမ်ဆင်းလောင်းလှူ ကြရာ စုစုပေါင်း ရဟန်း၊ သံဃာ၊ သာမဏေ ၃၃၈ ပါး အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ စုပေါင်းလောင်းလှူကြသည်။
ဆက်လက်၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဆီမီး ၉၀၀၀ ဆက်ကပ်ပူဇော်ပွဲကို ဘားအံမြို့ အမှတ်(၁)ရပ်ကွက် သေဋ္ဌမာရ်အောင် ဘုရားကြီးရင်ပြင်တော်၌ ည ၇ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရဟန်း၊ ရှင်လူ၊ ခရီးသွားဧည့်သည် ဘုရားဖူးပြည်သူများ ပါဝင်ဆင်နွှဲကြပြီး စည်ကားသိုက်မြိုက်စွာ ဆီးမီးများထွန်းညှိ ပူဇော်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ကြ၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သေဋ္ဌမာရ်အောင်ဘုရားကြီး ဆုတောင်းပြည့် ကောင်းမှုတော်စေတီတော်ဂြိုဟ်တိုင်များ၌ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်းပူဇော်ကြပြီး စေတီတော်အထက်ပစ္စယံတွင် ဆီမီးများ ထွန်းညှိပူဇော်ကြကာ ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ စာသားပါ ဆီမီး ၉၀၀၀ ကို ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဘုရားဖူး လာရောက်ကြသော ရဟန်း၊ ရှင်၊ လူ ပြည်သူများနှင့်အတူ ဆီမီးများထွန်းညှိပူဇော်ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


