ပြင်ဦးလွင် အောက်တိုဘာ ၇

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား)၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပိတ်ချင်းမြှောင် လိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန် ( BE . FALLS)၊ တရုတ်ဘုံကျောင်း၊ နှီးဘုရားနှင့် ဓာတ်တော်ချိုင့် ရေတံခွန်တို့သို့ ခရီးသွားပြည်သူများ နှစ်စဉ်နှစ်တိုင်း လာရောက်ဘုရားဖူး လည်ပတ် အပန်းဖြေလျက် ရှိကြသည်။

 

ယခုအခါတွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း ယခင်နှစ်များနှင့် မတူအောင် သီတင်းကျွတ် ကာလတွင် အောက်တိုဘာ ၃ ရက်မှ ၇ ရက်အထိ ဥယျာဉ်အတွင်း ညမီးရောင်စုံများဖြင့် အလှဆင်ထားပြီး မွန်းလွဲ ၂ နာရီမှစတင်၍ ည ၉ နာရီအထိ နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

အဆိုပါ “Thadingyut's Night Poem” ပွဲတော်ကာလအတွင်း ဥယျာဉ်ညဘက်အလှကို တစ်မူထူးခြားစွာ ခံစားစေရန် ဥယျာဉ်အတွင်း မီးရောင်စုံများဖြင့် အလှဆင်ထားခြင်းကြောင့် နေ့ခင်းဘက်နှင့်မတူ ဆွဲဆောင်မှုရှိသည့် မြင်ကွင်းများကို တွေ့မြင်ကြရခြင်း၊ ညအလှကို ခံစားရင်း နိုင်ငံကျော် တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်မှုနှင့်အတူ ဓာတ်ပုံလှလှလေးများ ရိုက်ကူးစေခြင်း၊ ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Night Bazaar လေးကိုလည်း ဥယျာဉ်အတွင်း စီစဉ်ပေးထားမှုကြောင့် လာရောက်လည်ပတ်အပန်းဖြေ သူများအတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်စေကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)