မြစ်ကြီးနား အောက်တိုဘာ ၇
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူ ဖြစ်စေရန် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးခြင်းဆိုင်ရာ မြေစိုက် ပိုစတာများ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ကြသည်။
အခမ်းအနားများသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း မြို့နယ် စုပေါင်းရုံးရှေ့ ဇော်ဂျွန်းလမ်းပေါ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်သူလူထုအား ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြပါစို့”ဟု အသိပညာပေး နှိုးဆော်စာသားများပါဝင်သည့် မြေစိုက်ပိုစတာအား ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အဆင့်ဆင့်အနေဖြင့်လည်း မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလျက်ရှိသည့်အတွက် မဲရုံအလိုက်မဲစာရင်းများကို မဖြစ်မနေ သွားရောက်ကြည့်ရှုပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မြေစိုက်ပိုစတာတွင်ပါသည့်အတိုင်း “နိုင်ငံသားအခွင့်အရေးမဆုံးရှုံး ဖို့မဲပေးကြပါစို့”ဟု အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ပြည်နယ် မီးသတ်တပ်ဖွဲ့ရုံးအနီး၌ သခင်နက်ဖေလမ်းနှင့် ပြည်ထောင်စုလမ်းဆုံနေရာ၌ စိုက်ထူထားသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြရာ အဆိုပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ လူထုအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲများတွင် တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်အရာရှိများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း/အမှုထမ်းများ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသားဖွား သင်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


