သရက်ချောင်း အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့၌ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် အခါသမယ၌ သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ စေတနာရှင်မိသားစုတို့က စတုဒိသာကျွေးမွေးခြင်းကို မြို့မရပ်ကွက်ရှိ မြို့ဦးစေတီတော်ဝင်းတွင် စည်ကားစွာ ပြုလုပ်လျက်ရှိ သည်။
ပျော်ရွှင်စွာ ဆင်နွှဲခဲ့
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရား ဟောကြားတော်မူပြီး ဝါတွင်းသုံးလကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ညတွင် နတ်ဗြဟ္မာများ ဝန်းရံလျက် လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဘုရားရှင်အား ကြိုဆိုဦးခိုက်ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက် သုံးရက်တိုင် ဘုရား၊ စေတီများ၊ အိမ်များ၊ လမ်းများတွင် ဆီမီးများ၊ ရောင်စုံအလှ မီးသီး၊ မီးချောင်းများဖြင့် မြို့ရွာရပ်ကွက်အလိုက် ဆီမီးပူဇော်ပွဲနှင့် မီးထွန်းပွဲများ၊ မီးပုံးပျံလွှတ်ခြင်းတို့ကို ပြုလုပ်ကြပြီး ရပ်ကွက်၊ ကျေးရွာအလိုက် အသင်းအဖွဲ့များ၊ စေတနာရှင်မိသားစုများက မဏ္ဍပ်များဖြင့် စတုဒိသာ ကျွေးမွေးခြင်း၊ ဘုရားစေတီပုထိုးများသို့ ဘုရားဖူးလာရောက်ကြသူများအား စတုဒိသာဖြင့် အလှူဒါနပြုခြင်း၊ ရပ်ကွက်လမ်းဆုံများ၌ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်းဖြင့် သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)


