မုံရွာ အောက်တိုဘာ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ်(၂) မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီ ကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာပညာရေး ဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိကြောင်း၊ ဆရာ ဆရာမတို့၏ လုပ်ငန်းတာဝန်သည် အလွန်ပင် အရေးကြီးသည့်အတွက် ခံယူချက်၊ ယုံကြည်ချက် ပြည့်ဝစွာဖြင့် သင်ကြားသင်ယူပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားကာ မုံရွာပညာရေးဒီဂရီ ကောလိပ်ပညာရေးနှင့် သင်ပြနည်းပညာဒီပလို မာသင်တန်း (Dip.EP) အမှတ်စဉ် (၂) သင်တန်းသား သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၃၀၀၀၀၀ နှင့် မုံရွာပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား သင်တန်းသူ ၂၁၂ ဦးအတွက် စားစရိတ်ငွေကျပ် ၉၈၅၈၀၀၀ တို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက ၂၀၂၄-၂၀၂၅ ပညာရေးဒီဂရီကောလိပ်အဆင့် လူရည်ချွန် မောင်ဇင်မျိုးအောင်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်း ကို ပေးအပ်ချီးမြှင့်ကြပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် Dip.EP အမှတ်စဉ်(၂)သင်တန်းသူများက တေးသီချင်းများ၊ Fitness Dance တို့ဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကပြဖျော်ဖြေကြသည့် သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နေမှု၊ အာရုံခံအသစ် တည်ဆောက်ပြီးစီးမှုနှင့် သမိုင်းဝင်ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးစီးမှုနှင့် ပြန်လည်မွန်းမံ ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


