နေပြည်တော် အောက်တိုဘာ ၈

 

သန်လျင်မြို့နယ်၌ တက္ကစီယာဉ်မောင်းကို သတ်ဖြတ်၍ မော်တော်ယာဉ်ကို လုယက်ယူဆောင်ခဲ့သူ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီတွင် သာကေတမြို့နယ် အမှတ် (၃) ရန်ပြေရပ်ကွက် ရန်ပြေ (၁၈) လမ်းနေ ဦးစံသိန်း (၅၆) နှစ်သည် ၎င်းမောင်းနှင်သည့် YGN-21 BB / 8983 TOYOTA PROBOX အမျိုးအစား အဖြူရောင် (အငှား) ယာဉ်ဖြင့် ထွက်ခွာသွားပြီး ည ၉ နာရီအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားသောကြောင့် ကူညီစုံစမ်းပေးပါရန် သာကေတမြို့မရဲစခန်းသို့ ဆက်သွယ်အကူအညီ တောင်းခံလာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းအချင်းချင်းချိတ်ဆက်၍ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု အလယ်ရွာကျေးရွာ သီလဝါခြောက်လမ်းသွားကားလမ်း မိုင်တိုင်အမှတ် ၈ မိုင် ၇ ဖာလုံနှင့် ၉ မိုင်အကြား လမ်းဝဲဘက်ခြမ်းအမှိုက်ပုံ၌ ဦးစံသိန်းအား ထိုးသွင်းဒဏ်ရာ ၃၁ ချက်ဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့သောကြောင့် သန်လျင်မြို့မရဲစခန်း (ပ) ၃၅၅ / ၂ဝ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ / ၃၉၂ ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတောင်ဘက်ကွင်းနေ ထက်ရှိုင်းဇော် (၁၇) နှစ်နှင့် သုံးခွမြို့နယ် ပုလဲစံပြကျေးရွာ အဆောင်နေ သက်ဝေဦး (၁၇) နှစ်တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ထက်ရှိုင်းဇော်ကို အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီတွင် အမှုထမ်းရပ်ကွက်ရှိ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဖြစ်စဉ်တွင်ပျောက်ဆုံးနေသည့် TOYOTA PROBOX မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဝေဦးကို ယင်းနေ့ည ၈ နာရီ မိနစ် ၅၀ တွင် ၎င်းနေထိုင်သည့်အဆောင်မှ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် အောက်တိုဘာ ၅ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားပွဲ၌ အရက်သေစာသောက်စားမူးယစ်ပြီး ဦးစံသိန်းမောင်းနှင်သည့် အငှားယာဉ်အားစီးနင်းခဲ့ကြောင်း၊ သန်လျင် - ကျိုက်ခေါက် ဘုရားကားလမ်း ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်မောင်းက ယာဉ်စီးခတောင်းခံခြင်းနှင့် ပတ်သက်၍ စကားများပြီး ထက်ရှိုင်းဇော်က ယူဆောင်လာသည့် ကတ်ကြေးဖြင့်ထိုးရာ ယာဉ်မောင်းက ဝက်အူလှည့်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် သက်ဝေဦးက အဆိုပါဝက်အူလှည့်ကို လုယူ၍ ပြန်လည်ထိုးခဲ့ကြောင်း။

 

ယာဉ်မောင်းသေဆုံးသွားသည့်အခါ ထက်ရှိုင်းဇော်က အဆိုပါယာဉ်ကို မောင်းနှင်လာခဲ့ပြီး သီလဝါခြောက်လမ်းသွား လမ်းပေါ်အရောက်၌ ယာဉ်မောင်း၏အလောင်းကို စွန့်ပစ်ခဲ့ပြီး ယာဉ်နံပါတ်ပြားများနှင့် အခြားဆက်စပ်ပစ္စည်းများကို စစ်ပင်ကွင်းကျေးရွာအနီး၌ စွန့်ပစ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ စစ်ပင်ကွင်းကျေးရွာအနီး ချောင်းသစ်ကွင်းမှ မော်တော်ယာဉ်နံပါတ်ပြား နှစ်ခု၊ အဆိုပါယာဉ်နှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ ဦးစံသိန်း ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် အရိုးအသွား ၆ လက်မခွဲခန့်ရှိ ဦးချွန်ကတ်ကြေးတစ်ခုတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

 

ထိုသို့ အငှားယာဉ်မောင်းကို သတ်ဖြတ်ကာ မော်တော်ယာဉ်အား လုယက်မှုကျူးလွန်ခဲ့သူ ထက်ရှိုင်းဇော်နှင့် သက်ဝေဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်