နေပြည်တော် အောက်တိုဘာ ၈
ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel ၌ အမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူအား ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ 32nd Beauty Land Hotel (၅) လွှာ အခန်းအမှတ် (၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူထားခြင်း ခံထားရသည့် အသက် (၂၀) နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၉၆ / ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃) နှစ်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ် အမှတ် (၇) အရှေ့ရပ်ကွက်နေ အောင်ခန့်ကျော်ဇင် (၁၈) နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်ရပ်ကွက် အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင် (၁၈) နှစ်တို့ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၎င်းတို့နှစ်ဦးအား အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား နှစ်ချောင်း၊ သေဆုံးသူကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံး အပါအဝင် လက်ကိုင်ဖုန်း သုံးလုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။
ပြစ်မှုကျူးလွန်သူ တရားခံအောင်ခန့်ကျော်ဇင်၏ ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများကို အလွန်အကျွံ ကြည့်ရှုလေ့ရှိပြီး အောက်တိုဘာ ၅ ရက်တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့် ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ် (၅၀၂) ၌ ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓားနှစ်ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများသန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အခင်းဖြစ်ပွားခဲ့သည့် 32nd Beauty Land Hotel ကိုလည်း ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


