ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
ဖွင့်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်း ကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်း သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်များမှ သံဃနာယကဆရာတော်များနှင့် သင်တန်းသားဆရာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ သန်လျင်မင်းကျောင်း ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ကသာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်း၊ သင်တန်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း စာအုပ်များကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး နိဂုံးချုပ် ဩဝါဒကထာမိန့်ကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ဆရာတော်အပါး ၃၃၀ တက်ရောက်တော်မူကြပြီး သင်တန်းကာလကို အောက်တိုဘာ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ သင်တန်းဆင်းအောင်ပွဲအဖြစ် အောက်တိုဘာ ၁၂ ရက် ညနေ ၃ နာရီခွဲတွင် ဆရာတော်ကြီးများနှင့် သင်တန်းသား ဆရာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူသွားမည် ဖြစ်သည့်အတွက် လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ သည်တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းအတွင်းရှိ ပဒေသာဘိလိယက်နှင့် စနူကာ ခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင်းလိုက် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


