ဘားအံ အောက်တိုဘာ ၈

 

အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်တံ့သောမြို့ကြီးများ  လုပ်ငန်းအဖွဲ့က (ASEAN Working Group on Environmentally Sustain-able Cities- AWGESC) သုံးနှစ် လျှင်တစ်ကြိမ် စိစစ်ရွေးချယ်လျက်ရှိသည့် ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆု လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်ပတ်ဝန်းကျင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသောမြေဖြစ်စေရေး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် အစဉ်အမြဲစိမ်းလန်း စိုပြည်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကျန်းမာ၍ ဘေးအန္တရာယ် ကင်းရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ပေးနိုင်ပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လာနိုင်ခြင်း စသည့်အကျိုးရလဒ်များအပြင် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကောင်းတစ်ခု ရရှိလာနိုင်စေမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်ဒေသများတွင်ရှိသည့် သဘာဝဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ (၆)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို အပ်နှင်းပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက (၆)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများ ဆုတံဆိပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဆုရဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည့် အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းအတွက် ငွေကျပ် ၈၆၂၅၀၀ဝ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါသင်တန်းသို့ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၈ ရက် မှ ၁၂ ရက်ထိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့အဝင် ဖားစည်အဝိုင်း၌ ကျင်းပသည့် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ ဆောင်ပုဒ်ပါမြေစိုက် ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ မြေစိုက်ပိုစတာစိုက်ထူပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့နှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)