ထားဝယ် အောက်တိုဘာ ၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူဖြစ်စေရန် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူ ဖွင့်လှစ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အာဇာနည်လမ်း မြင်းစီးကြေးရုပ်အနီး၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အရာရှိများ၊ လူမှုရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံး ဖို့မဲပေးကြပါစို့” အသိပညာပေး မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပန်ဖွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့အား ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူဖြစ်စေရန် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးခြင်းဆိုင်ရာ မြေစိုက်ပိုစတာများကို ခရီးသွားလာသူများ၊ ဒေသခံပြည်သူများနှင့် အများပြည်သူ မြင်သာသည့် နေရာများဖြစ်သည့် အာဇာနည်လမ်း မြင်းစီးကြေးရုပ်အနီး၊ အဝေးပြေးကားလမ်း အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းအနီး၊ ကမြောကင်းလမ်း ဆန်းချီလမ်းဆုံ၊ အာဇာနည်လမ်းနှင့် ဦးကျော်ရင် လမ်းထောင့်၊ စည်ပင်သာယာဈေးကြီးအနီးတို့တွင် စိုက်ထူခဲ့သည့်အပြင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်များရှိ အများပြည်သူ မြင်သာသည့်နေရာများတွင်လည်း ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးခြင်းဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


