မြဝတီ အောက်တိုဘာ ၈
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာ နေရာများဖြစ်သည့် မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတားထိပ်နှင့် တောင်ကလေး ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်တို့၌ ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူကြသည်။
အဆိုပါ အသိပညာပေးပိုစတာများ စိုက်ထူခြင်းကို မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့်ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ကြီးကြပ်ဆောင်ရွက်ကြသည်။
ထို့ပြင် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အဖွဲ့များခွဲ၍ မြဝတီမြို့ပေါ်ရှိ ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲများ၊ မြန်မာအီလတ်ထရောနစ် မဲပေးစက် အသုံးပြုပုံ အဆင့်ဆင့်၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များအား ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)


