နေပြည်တော် အောက်တိုဘာ ၈

 

(၄၈)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ကျင်းပရာ သက်ဆိုင်ရာ ပညာရှင်များက “မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့် မဟာဗျူဟာ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူများ အာဟာရပြည့်ဝရေး စီမံဆောင်ရွက်ရာတွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သားငါးမွေးမြူရေး လုပ်ငန်းများနှင့် ဆက်စပ်သည့်ဌာနများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှ သုတေသီများ၊ ပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံ၏ ရေသယံဇာတ၊ မြေသယံဇာတ သဘာဝအရင်းအမြစ်များကို အသုံးပြု၍ အားလုံးအတွက် အကျိုးဖြစ်ထွန်းပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ကြိုးပမ်းအကောင်အထည်ဖော်ကြရန်ဖြစ်ကြောင်း။

 

ယနေ့ကျင်းပသည့် (၄၈)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးစီးဌာနများ၊ တက္ကသိုလ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ကွင်းဆက်တစ်လျှောက် ကြုံတွေ့နေရသည့် အခက်အခဲများကို ဆိုင်ရာကဏ္ဍများက ဝိုင်းဝန်း ဆွေးနွေးအဖြေရှာပြီး အခွင့်အလမ်းများ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

အကြံပြုဆွေးနွေး

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများက “မွေးမြူရေးဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရမည့် မဟာဗျူဟာ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အမှုထမ်းအရာထမ်းများ၊ အွန်လိုင်းမှ ပါဝင်တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ သုံးသပ်အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်