နေပြည်တော် အောက်တိုဘာ ၁၀
အာဆီယံစီးပွားရေး အသိုက် အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပထဝီ နိုင်ငံရေး (Geopolitics) နှင့် ပထဝီစီးပွားရေး (Geoecono-mics) ကဏ္ဍများတွင် စိန်ခေါ်မှုများ ကို ရင်ဆိုင်နေရပြီး ယင်းစိန်ခေါ်မှုသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံကို ရိုက်ခတ်မှုရှိကြောင်း၊ အာဆီယံအနေဖြင့် အမေရိကန် ပြည်ထောင်စု၏ အခွန်စည်းကြပ်မှုအစီအမံကဲ့သို့ ပထဝီစီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ရန် စုပေါင်းလုပ်ငန်းစဉ်အနေဖြင့် Geoeconomics Task Force (AGTF) ကို ဖွဲ့စည်းပြီး အကြံပြုချက်များ ရေးသားပြုစုလျက်ရှိကြောင်း၊ အာဆီယံအနေဖြင့် စည်းမျဉ်းကို အခြေခံသောကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံကြောင်းပြသရန်ဝန်ကြီးအဆင့် အထူးအစည်း အဝေးများကိုလည်း ကျင်းပခဲ့ကြောင်း။
လုပ်ငန်းစဉ်ပေါင်း၃၈၀၀ ကျော်ထိ တိုးမြင့်လာ
အေအီးစီ ၂၀၂၅ (၂၀၁၆ - ၂၀၂၅)ကို ၂၀၁၆ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ ကြောင်း၊ အကောင်အထည်ဖော် မှုစတင်စဉ်က အေအီးစီလုပ်ငန်းစဉ်များသည် ၁၇၀၀ ကျော်သာရှိ သော်လည်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ်ကဲ့သို့ မမျှော်မှန်းနိုင်သော ကိစ္စရပ်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ပတ်ဝန်း ကျင်ကိုထိခိုက်မှု လျော့နည်းစေသည့် စီးပွားရေးကဲ့သို့ အသစ် နှင့် ပေါ်ထွန်းဆဲကိစ္စရပ်များ ကို ထည့်သွင်းစဉ်းစားလာသည့်အတွက် လုပ်ငန်းစဉ်ပေါင်း ၃၈၀၀ ကျော်ထိ တိုးမြင့်လာကြောင်း၊ လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်များ၏ ၇၅ ရာခိုင်နှုန်းကျော်ကို အကောင်အထည်ဖော်ပြီးကြောင်း နှင့် ယခုနှစ်အကုန်တွင် ၉၀ ရာခိုင် နှုန်းအထိ ပြီးစီးရန်မျှော်မှန်းထားကြောင်း၊ ကျန်ရှိနေသော လုပ်ငန်း စဉ်များကို ၂၀၂၅ အလွန်တွင် ဆက်လက် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းပံ့ပိုးစေလို
အာဆီယံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အနာဂတ်ရည်မှန်းချက်အတွက် နောင်နှစ် ၂၀ အထိမျှော်မှန်း၍ အာဆီယံမျှော်မှန်းချက် ၂၀၄၅ ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အာဆီယံစီးပွားရေး မဏ္ဍိုင်သည် အာဆီယံမျှော်မှန်းချက် ၂၀၄၅ ၏ နှစ် ၂၀ Time Frame အောက်တွင် ငါးနှစ်တာ လုပ်ငန်း အစီအစဉ်လေးခုကို ရေးဆွဲချမှတ်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အေအီးစီ မဟာဗျူဟာ လုပ်ငန်း အစီအစဉ်(၂၀၂၆-၂၀၃၀)ကို (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အတည်ပြုပြီး ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အလွန် တွင် ဆောင်ရွက်မည့် အေအီးစီ လုပ်ငန်းစဉ်များကို Stakeholder များအားလုံး မျှဝေဆွေးနွေးရန် ရှိကြောင်းနှင့် ယင်းအစီအစဉ် အတွက် ဘာသာရပ်ဆိုင်ရာဌာန များအနေဖြင့် ဝိုင်းဝန်းပံ့ပိုးစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ ဒေါက်တာ မာလာမျိုးညွန့်က (၅၇) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဆိုင်ရာ ဆွေးနွေးချက်များနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ကော်မတီ အလိုက် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း များ၊ လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခု ဖွဲ့စည်း
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီကို ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီးနှင့်အမြဲတမ်း အတွင်းဝန်များက လည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဘာသာရပ် ဆိုင်ရာဌာနများက လည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


