ညိုမောင်

 

ရွှေမြန်မာရဲ့၊ သာတဲ့စခန်းမြေ

ဆွေကမ္ဘာဧည့်၊ လာလှည့်စမ်းပါလေ

ဧည့်ဝတ်တော်ကျေ၊ ဖော်ရွေစိတ်ရင်း

စကားဆိုရာ၊ ကြွားမပိုပါ

ချိုသာခွန်းတုံ့ နှင်းသည်နှင့်လေး။

 

လူ့သမိုင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် ရှေးခေတ်ကာလကပင် ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း တစ်နေရာမှတစ်နေရာသို့ ခရီးခြေဆန့် သွားလာခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုနည်းတူစွာပင် နယ်မြေချဲ့ထွင်ရန်၊ သာသနာပြု ရန်၊ ကုန်သွယ်ရန်၊ စီးပွားရှာရန်၊ အပန်းဖြေရန်နှင့် ဒေသန္တရဗဟုသုတရှာမှီးရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ခရီးသွားလာခဲ့သည်မျိုးလည်း ရှိကြပြန် ပါသည်။ အရှိန်အဟုန်အားဖြင့်  ခရီးသွားယဉ်ကျေးမှုမြင့်တက်လာသော ယနေ့ကမ္ဘာတွင် လူဦးရေ သန်း  ၁၀၀၀  ကျော်တို့သည် ကမ္ဘာတစ်လွှား ၌ နှစ်စဉ်နှစ်တိုင်း ခရီးသွားလာနေကြသည်ဟု ဆိုပါသည်။

 

လူသားတို့အနေဖြင့် ခရီးသွားလာလိုသော စိတ်ဆန္ဒကို ဖြစ်ပေါ်စေသည့် စေ့ဆော်မှုအကြောင်း တရားများ များစွာရှိနိုင်ပါသည်။ အအေးပိုင်းနိုင်ငံများရှိ နိုင်ငံသားတို့သည် နေရောင်ခြည်တောက်ပ ပူနွေးသော သာယာသည့်ဒေသများသို့ ခရီးထွက်လိုကြသည်။ ပညာရပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်စေ၊  လူမျိုးတစ်မျိုး၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ရိုးရာအားကစား၊ အနုပညာ၊ ဂီတ၊ စာပေ စသည့် အသွင်လက္ခဏာ ကွဲပြားခြားနားမှုတို့အပေါ်၌ဖြစ်စေ လေ့လာသင်ယူ တတ်မြောက်လိုသော စိတ်ဖြင့် ခရီးသွားလာကြသည်။ အတွေ့အကြုံသစ်၊ ပတ်ဝန်း ကျင်သစ်၊ လုပ်ငန်းဆောင်တာအသစ်၊ ပိုင်ဆိုင်မှု အသစ်နှင့် အတွေးအခေါ်အသစ်တို့ကို စူးစမ်းရှာဖွေလိုခြင်းကလည်း ခရီးသွားရခြင်း၏ လိုအင်ဆန္ဒ တစ်ရပ်အဖြစ် ပါဝင်မည်ထင်ပါသည်။

 

အကျိုးတရားများစွာ ရရှိစေနိုင်

မည်သို့သော အကြောင်းတရားကြောင့်ဖြစ်စေ ခရီးသွားလာရခြင်းမှာ အင်မတန်နှစ်သက် မြတ်နိုး အပ်သောအရာ ဖြစ်ပါသည်။ ခရီးသွားလာမှုမှတစ်ဆင့် မတူညီသည့်နိုင်ငံများ၊ လူမျိုးများ၏သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံများကို သိရှိပြီး လေးစားလိုက်နာခြင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း၊ ကမ္ဘာ့နိုင်ငံများ အချင်းချင်း ခရီးသွားလာမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွား အတွေ့အကြုံများမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်းစသည့် တန်ဖိုးမဖြတ်နိုင်သော အကျိုးတရားများစွာကို ဖြစ်ထွန်းရရှိစေနိုင်ပါသည်။

 

မိမိတို့မှီတင်းနေထိုင်ကြသည့် တူညီသော ကမ္ဘာတစ်ခုအတွင်းမှ အခြားသော ရေမြေတောတောင် သဘာဝအခြေအနေများ၊ ဒေသခံမျိုးနွယ်စုအသီးသီးတို့၏ လူမှုစီးပွားဘဝ နောက်ခံအခြေအနေများ၊ ဓလေ့ထုံးတမ်းစဉ်လာများကို ခရီးသွားလာခြင်းဖြင့်သာ ထဲထဲဝင်ဝင် ထိတွေ့သိရှိနိုင်ခွင့်ရမည်ဖြစ်ပါ သည်။ ဒေသတစ်ခုနှင့်တစ်ခု အရပ်အနေခြားသူချင်း အပြန်အလှန် စာနာနားလည်သည်အထိ မေတ္တာ ပေါင်းကူးပေးနိုင်သော အစွမ်းသတ္တိကိုလည်း ရရှိစေမည်ဖြစ်ပါသည်။

 

 ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အပြည်ပြည် ဆိုင်ရာ နားလည်မှုရရှိစေရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လူ့အခွင့်အရေးကို လေးစားရေး၊ လူမျိုးရေး ခွဲခြားမှုကင်းသည့် အခြေခံလွတ်လပ်ခွင့်ရရှိရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေး ရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၆ ခုနှစ်တွင် “ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism OrganizationUNWTO)” ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ယနေ့အချိန်တွင် မြန်မာ နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀၊ တွဲဖက် အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်း ၅၀၀ ကျော်တို့ပါဝင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်၍ “ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)” ဟု အမည် ပြောင်းလဲ သတ်မှတ်ခဲ့ ပါသည်။

 

ကမ္ဘာ့စီးပွားရေးတွင် ခရီးသွားလုပ်ငန်းသည် သိသာထင်ရှားမှုအရှိဆုံးနှင့် တိုးတက်မှုအရှိဆုံး ကဏ္ဍတစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကိုမြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍ ၌လည်း ပါဝင်နေပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ၎င်းနှင့် ဆက်စပ်၍ နိုင်ငံများ၏ ပြည်တွင်းထုတ်ကုန် (GDP) တိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း တစ်ပါ တည်း ဆောင်ကြဉ်းပေးလာနိုင်မည်ဖြစ်ပါသည်။

 

ဦးစားပေးကဏ္ဍဖော်ဆောင်

ခရီးသွားလုပ်ငန်းကဏ္ဍသည် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း၊ ခရီး သွားလာခြင်းဖြင့် အချင်းချင်းယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှုများကို တည်ဆောက်နိုင်ခြင်း၊ တည်ငြိမ် အေးချမ်းမှုကိုဖြစ်ပေါ်စေခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်စေခြင်း၊ ဒေသနေပြည်သူများ၏ ရိုးရာဓလေ့နှင့် ကိုးကွယ်ယုံကြည်မှု၊ အယူအဆများ ကို မပျောက်ကွယ်စေရန် ထိန်းသိမ်းနိုင်ခြင်းနှင့် ဖော်ထုတ်ပြသနိုင်ခြင်း၊ ထုတ်ကုန်များကို ကျယ်ပြန့် စွာ အဆင့်မြှင့်တင်ထုတ်လုပ် ရောင်းချလာနိုင်ခြင်း၊ ခရီးစဉ်ဒေသအသစ်များ တိုးမြှင့်ဖော်ဆောင်ခြင်း၊ ခရီးစဉ်ဒေသများသို့ လွယ်ကူစွာ ဝင်ရောက်လည်ပတ် ခွင့်ရရှိစေခြင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အတွက် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေ ခြင်း၊ ဒေသအလိုက် ခရီးသွားလုပ်ငန်းများ ပြန်လည် အသက်ဝင် တိုးတက်လာစေခြင်းစသည်ဖြင့် နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ အထောက်အကူပြုလျက်ရှိပါသည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ ဦးစားပေးကဏ္ဍအဖြစ် စဉ်ဆက်မပြတ် ဖော်ဆောင်နေကြရမည်ဖြစ်ပါသည်။

 

ခရီးသွားလုပ်ငန်း၏ အကြီးမားဆုံးသော အားသာချက်မှာ မတူကွဲပြားသောအခြေအနေများတွင် ရှိနေသူများအားလုံးကို အတူတကွစုစည်း ပေးနိုင်စွမ်းရှိသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်နေခြင်းပင် ဖြစ်ပါသည်။

 

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခြင်းဖြင့် ဆက်စပ်နယ်ပယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ဖန်တီးပေးနိုင်ကာ ဒေသတွင်းစီးပွားရေးဆိုင်ရာ မညီမျှမှုများကို လျော့ကျစေနိုင်မည် ဖြစ်ပါသည်။ စားသောက်ကုန်နှင့် ကုန်စည်ထုတ်လုပ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်းဆိုင်ရာ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းများ၊ လမ်း၊ တံတား၊အခြေခံ အဆောက်အအုံများ “တစ်နွယ်ငင် တစ်စင်ပါ”၍ “ကျွဲကူးရေပါ” ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ အပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်နေ သည့် အခြေခံအရင်းအမြစ်များလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။ ထို့ထက်ပို၍ ဆိုရပါလျှင် ဒေသတွင်း နိုင်ငံများအတွင်း ခရီးလှည့်လည် ခြင်းအားဖြင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးကာ ဒေသ၏ တည်ငြိမ်အေးချမ်းရေးကိုလည်း တိုးတက်ရရှိစေ နိုင်မည်ဖြစ်ပါသည်။

 

ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးစေရန် အနာဂတ် ကို ပုံဖော်ရာတွင် လူငယ်များ၏အခန်းကဏ္ဍကို လည်း အလေးထား၍ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ၎င်းတို့ကို ဆွဲဆောင်ခြင်းအားဖြင့် မှန်ကန်သော အသိအမြင်များကိုရရှိစေပြီး အချင်းချင်းနားလည်မှုနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ဦးစားပေး တတ်သော မျိုးဆက်သစ်ခရီးသွားများကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါသည်။

 

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးသော ဝန်ဆောင်မှုလုပ်ငန်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် လုပ်သားအင်အားမှာ ၂၉၂ ဒသမ ၂၂ သန်းခန့်ရှိရာ ကမ္ဘာ့လုပ်သားအင်အား၏ ၉ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုရပါမည်။ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး ကိုများစွာအထောက်အကူပြုနိုင်သဖြင့် “မီးခိုး မထွက်သော စက်ရုံ” ဟု တင်စားသတ်မှတ်ထား သည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်း တစ်ခုလည်း ဖြစ်ပါသည်။

 

စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီအချိန်က ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ခရီးသည် စုစုပေါင်း ဒသမ ၅ ဘီလီယံ လှည့်လည်သွားလာခဲ့ပြီး ခရီးသွား လုပ်ငန်းမှ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံအထိ ရရှိခဲ့ကြောင်းနှင့် ကမ္ဘာ လုံးဆိုင်ရာ GDP တွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်း ၃၃၀ ကို ဖန်တီးပေးနိုင်ခဲ့ သည်ဟု သိရပါသည်။

 

ခရီးစဉ်ဒေသများ စုံလင်စွာ တည်ရှိ

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရန်အတွက် သဘာဝတရားက ပေးအပ် ထားသော အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မတူကွဲပြားခြားနား သည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုး စုပေါင်း ၁၀၀ ကျော် ပေါင်းစည်းနေထိုင်ကြလျက် ရှိသည်မှာ လွန်စွာစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ခရီး သွားတို့ကို ဆွဲဆောင်နိုင်သော စွဲမက်နှစ်သက်ဖွယ် ရာ ခရီးစဉ်ဒေသများ အမျိုးအစားစုံလင်စွာ တည်ရှိ နေပါသည်။ မပျက်မစီး အကောင်းပကတိအတိုင်း ကျန်ရှိနေသေးသည့် ကမ်းခြေခရီးစဉ်ဒေသများ၊ မြင့်မားသည့် တောင်စဉ်တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းသည့် လွင်ပြင်များပေါများ ကြွယ်ဝသည့်နိုင်ငံလည်း ဖြစ်ပါသည်။ ထို့ပြင် ထူးခြားထင်ရှားသည့် သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် လူနေမှု ဘဝပုံစံများမှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်ဖမ်းစားနိုင်သည့်အရာများပင်ဖြစ် ပါသည်။

 

သို့ဖြစ်ရာ ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များသတ်မှတ်၍ မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံ ချက် ၉၃ ခု ပါဝင်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာ လမ်းပြ မြေပုံ(၂၀၂၁-၂၀၂၅)” ကို ရေးဆွဲကာ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

 

မြန်မာနိုင်ငံအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားလာမှု ပိုမိုတိုးတက်လာရန် မျှော်မှန်းပြီးကြိုတင် ပြင်ဆင်ဆောင်ရွက်ကြသည်တွင် ပြည်ပဧည့်သည်များနည်းတူ ပြည်တွင်းမှ မိမိတို့နိုင်ငံသားများကို လည်း စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် ခရီးသွား လည်ပတ်နိုင်စေရန် ပြည်တွင်း ခရီးသွားလုပ်ငန်းများကို ပြည့်စုံအောင်ဆောင်ရွက်ပေးကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမို ကောင်းမွန်စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိ သူများ တက်ညီလက်ညီဖြင့် အတူတကွပူးပေါင်း လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။

 

တစ်ချိန်တည်းတွင် ခရီးသွားလုပ်ငန်းအနေဖြင့် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ်ကျေပွန်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ စည်ပင်သာယာ လှပရေးကဏ္ဍ၊ မြို့ပြနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စသည့်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီး ပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပေရာ တန်းတူညီမျှပြီးအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်ဟု ဆိုရမည်ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစုများကို စနစ်တကျ စုပေါင်းဆောင်ရွက် ခြင်းဖြင့် တီထွင်ဖန်တီးမှုအခြေပြု စီးပွားရေးပုံစံ တစ်ရပ်ကို ဖော်ဆောင်နိုင်မည်လည်း ဖြစ်ပါသည်။

 

ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတကာ ခရီးသွားများအကြား အထင်လွဲမှားနေမှုများကို သတင်းမီဒီယာအစွမ်းဖြင့် လွှမ်းမိုးချေဖျက်ကာ မိမိနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်များကို တည်ဆောက် ပြသနိုင်ရပါမည်။ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာ ဖြင့် မိမိနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် ကောင်းမွန်သောပုံရိပ်များကို မှန်ကန်၊ မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ မီးမောင်းထိုးပြသနိုင်ရပါမည်။

 

တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုကိုအထောက်အကူပြု

ယနေ့ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် နိုင်ငံခြားခရီးသည်များကို ဆွဲဆောင်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြပြီဖြစ်ပါသည်။ ရှေးယခင်က ခရီးသည်ဝင်ရောက်လာမှုအပေါ် သာမန်မျှ သဘော ထားခဲ့ကြသော်လည်း ယခုအခါ ခရီးသွားလုပ်ငန်း သည် တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုကို ကြီးမားစွာ အထောက်အကူပြုကြောင်း သိရှိလာကြပြီဖြစ်သည့် အလျောက် သဘာဝနေရာဒေသများ၊ သဘာဝ ဖြစ်ရပ်များ၊ ယဉ်ကျေးမှုနေရာဒေသများနှင့် ယဉ်ကျေးမှု ပွဲတော်များဟူ၍ ကဏ္ဍလေးမျိုးဖြင့် ဆွဲဆောင် နိုင်ရန် စီမံဆောင်ရွက်လာကြပြီဖြစ်ပါသည်။

 

ဖော်ပြပါကဏ္ဍလေးရပ်အနက် အားလုံးဖြစ်စေ၊ အခွင့်သာသည့်ကဏ္ဍ၌ဖြစ်စေ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံခြားသား ခရီးသွားများအပေါ် ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ သတိပြုရန်အချက်မှာ ၂၀ ရာစုနှောင်းပိုင်းတွင် တောတောင် ရေမြေ၊ ရှုခင်းအလှများ၏ သဘာဝ ပသာဒများအပေါ် စိတ်ဝင်စားမှု ပိုမိုကျယ်ပြန့်လာ ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျေးလက်သဘာ၀ တောတောင်ရေမြေအလှနှင့် ကျေးလက်ဒေသ၏ ပကတိရိုးရှင်းသော နေထိုင်ပြုမူဆက်ဆံခြင်းတို့ အပေါ် အခြေတည်၍ ဆွဲဆောင်တတ်ရန် လိုအပ်လာပါသည်။ ထိုသို့သော လူထုအခြေပြု ခရီးသွား လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံ၍ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြား ခရီးသွားများ စုစည်းရရှိလာမည်ဖြစ်ပါသည်။

 

မြန်မာမှုနယ်ပယ်တွင် “အိမ်သာမှဧည့်လာ” ဟူသော ဆိုရိုးစကားရှိပါသည်။ ထိုဆိုရိုးတွင် ဆက်ဆံရေး ကောင်းမွန်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်အနှောင့်အယှက်ကင်းခြင်း၊ ကြည်နူးဖွယ်ရှိခြင်း၊ သာယာလှပခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ တည်ငြိမ်အေးချမ်းခြင်း၊ ယဉ်ကျေးပျူငှာခြင်း နှင့် လှိုက်လှဲဖော်ရွေခြင်းစသည့် အဓိပ္ပာယ်တို့ ပေါင်းစပ်ပါဝင်နေပါသည်။ အထူးသဖြင့် ဒေသအလိုက် အေးချမ်းသာယာမှုရှိစေရန် ကြိုးစားကြရမည်ဖြစ်ပါသည်။ ဒေသတည်ငြိမ် အေးချမ်းနေသမျှ ကာလပတ်လုံး နိုင်ငံခြားသားဧည့်သည်များ တိုးတက်လာရောက်လည်ပတ်ကြမည်ဖြစ်၍ ခရီးသွားခြင်း နှင့် တည်ငြိမ်အေးချမ်းမှု တို့သည်လည်း တိုက်ရိုက် အချိုးကျလျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

 

ခရီးသွားလုပ်ငန်း၏ သဘောသဘာဝမှာ အခြား သော စီးပွားရေးလုပ်ငန်းများနှင့်မတူဘဲ ထိလွယ် ရှလွယ်၊ အကဲဆတ်လွယ်ပြီး သိမ်မွေ့နက်နဲသော သဘောရှိပါသည်။ သဘာဝဘေးတို့ကြောင့် လည်း ကောင်း၊ လူ့ပယောဂဖြစ်သည့် နိုင်ငံတွင်းအကြမ်းဖက်မှုများရှိနေပြီး မတည်မငြိမ်ဖြစ်နေလျှင် လည်း ကောင်း၊ နိုင်ငံရေးပဋိပက္ခများရှိနေလျှင် လည်းကောင်း၊ ရောဂါဘယဘေး ကျရောက်လျှင် လည်းကောင်း၊ စစ်ပွဲများဖြစ်၍ လုံခြုံရေးစိုးရိမ်ရလျှင် လည်းကောင်း၊ ဒုစရိုက်မှုထူပြောပြီး တရားဥပဒေ မစိုးမိုးလျှင်လည်းကောင်း ခရီးသွားဧည့်သည်လာရောက်မှု ကျဆင်းသွားတတ်ပါသည်။ ထိုသို့ မဖြစ်ပေါ်စေရေးမှာ အစိုးရ တစ်ရပ်၊ အဖွဲ့အစည်းတစ်ခု၏ တာဝန်မျှသာ မဟုတ်ဘဲ နိုင်ငံသား တစ်ဦးချင်းစီတိုင်းက နိုင်ငံကြီးသားပီသစွာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။ ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်ပါသည်။

 

ပေါင်းစည်းညီညွတ်သော မေတ္တာဓာတ်ဖြင့် စွမ်းဆောင်

 

ခရီးသွားလုပ်ငန်းသည် အရင်းအနှီးနည်းနည်းဖြင့် နိုင်ငံခြားငွေအမြောက်အမြား ရှာဖွေပေးနိုင် သည့်လုပ်ငန်းဖြစ်ရာ ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အထူးဂရုပြု၍ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ယင်းအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှာ အခြေခံဖြစ်သော်လည်း တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ ရနိုင် သည်မဟုတ်ဘဲ အဖွဲ့အစည်းများအလိုက်၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းရင်းသားပြည်သူများအလိုက် ချစ်ခြင်းတရားကို အခြေခံ၍ ပေါင်းစည်းညီညွတ်သော မေတ္တာဓာတ်ဖြင့်သာ စွမ်းဆောင်နိုင်မည် ဖြစ်ပါသည်။

 

အထူးသဖြင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များစိတ်အေး ချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွားများအတွက် လိုအပ်သည့်သတင်း အချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် စီစဉ်ပေးကြရပါမည်။ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက် ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လွယ်ကူရှင်းလင်းစေရန်အတွက် ဆက်စပ် ဝန်ကြီးဌာနများ အားလုံးက ဝိုင်းဝန်းပံ့ပိုး၍ ကူညီဆောင်ရွက်သွားကြရပါမည်။ ပြည်တွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရန် ဗီဇာထုတ်ပေးခြင်း၊ လူဝင်လူထွက်စစ်ဆေးခြင်း၊သယ်ယူ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်း၊ လုံခြုံရေးကောင်းမွန်စေခြင်း၊ အမှတ်တရ ပစ္စည်း အမျိုးအစားစုံလင်ခြင်း၊ တည်းခိုနေထိုင်ရေး သက်သာချောင်ချိခြင်းနှင့် အဆင်ပြေညီညွတ်ခြင်း၊ အချိန်မရွေးသွားလာနိုင်ခြင်း စသည့်လိုအပ်ချက်များကို ပြည့်စုံသည်ထက် ပြည့်စုံအောင်၊ ကောင်းမွန် သည်ထက် ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက် ကြရပါမည်။

 

သို့ဆိုလျှင် မိမိတို့နိုင်ငံ၏ ကောင်းသတင်း အဖုံဖုံမှာ ပွင့်ပန်းရာထောင် ရနံ့ဆောင်ဘိသို့လေညာ လေအောက်မကျန် ရှစ်ခွင်ရှစ်ရပ် လွှမ်းပတ်မွှေးပျံ့ ၍သာနေမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ပြီး ခေတ်သမိုင်းအဆက်ဆက်ကို ဖြတ်သန်း၍ ကြံ့ကြံ့ခံနိုင်ရန်အတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များတွင် မိမိတို့ နိုင်ငံသားအားလုံးအနေဖြင့် ကျရာအခန်းကဏ္ဍမှ “တစ်ချပ်အုတ်ခဲ တစ်ပွင့်သဲ” အဖြစ် တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း နှိုးဆော်ရေးသားလိုက်ရပါသည်။