တောင်ငူ အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ စတငကြေညာထားရာ ယနေ့တွင် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်း၊ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် တာဝန်ရှိသူများက အမှတ် (၂၁) ရပ်ကွက်နှင့် ကံရိုးကျေးရွာရှိ မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်က မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိနေသောပြည်သူများအား မဲစာရင်းတွင်ပါရှိရေးအတွက် ပုံစံ (၃) လျှောက်လွှာဖြင့် လျှောက်ရာတွင် မှတ်ပုံတင်မိတ္တူ ပူးတွဲပါရှိရန်၊ မြို့ပေါ်ရပ်ကွက်များမှ မဲဆန္ဒရှင်များ၏ အိမ်နံပါတ်ပါရှိရန်၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲထည့်ပေးကြရန်နှင့် မဲပေးခွင့် မဆုံးရှုံးစေရန် မဲစာရင်းပါရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဥပဒေနည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများအား အထူးမှာကြားပြီး အခက်အခဲများ မေးမြန်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့တွင် တောင်ငူခရိုင်အတွင်းရှိ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့တွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


