နေပြည်တော် အောက်တိုဘာ ၁၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၉ ရက်တွင် ဒိုက်ဦးမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ်တန် ၁၄၂၀ (ခန့်မှန်းတန်ဖိုးငွေ ၃၄၀၉၉၂ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၆ ရက်တွင် မန္တလေးမြို့ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၂၆၀၅၂၀၇၅ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၈၆၀၅၂၀၇၅ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၇ ရက်၊ ၈ ရက် နှင့် ၉ ရက်တို့တွင် ဗိုလ်တထောင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၁ စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၉ ရက်တွင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း သုံးမျိုး၊ စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၆၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toe M.P.V Micro Bus တစ်စီး၊Hyundai Porter II တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၁၀ ရက်တွင် သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ် တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၇ မျိုး (ခန့်မှန်းတန်ဖိုး ငွေ ၂၂၄၆၀၇၈၃၄၃ ကျပ် ) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV.Htar Wara Lont La ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၃၁၈၃၇၀၈၃၄၃ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

အောက်တိုဘာ ၇ ရက်၊ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရ က် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃) မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၇၃၈၅၁၄၁၀) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်