မန္တလေး အောက်တိုဘာ ၁၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားလူငယ်များ ဗလငါးတန် ပြည့်စုံစေရန်ရည်ရွယ်၍ မြို့နယ် ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းတို့၌ အောက်တိုဘာ ၁၁ ရက်မှ စတင်ကျင်းပရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသည်။
မြို့နယ်အဆင့်စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၆၃ ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၇၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများအား စဉ်ဆက်မပျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်


