ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမကြီးပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းနှင့် အိမ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို တစ်နေရာတည်း၌ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် PRO 1 GLOBAL Home Center ၏ ၁၄ ခုမြောက် မင်္ဂလာဒုံစင်တာကြီးကို ယမန်နေ့က ဖွင့်လှစ်သည်။
“PRO 1 GLOBAL Home Center တွေမှာ အိမ်တစ်လုံးဆောက်ရင် ကြမ်းခင်းကစပြီး ခေါင်မိုးအထိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအမျိုးမျိုးအပြင် အိမ်ဆောက်ပြီးရင် လိုအပ်မယ့် လျှပ်စစ်ပစ္စည်း၊ ပရိဘောဂ၊ မီးဖိုခန်းသုံးပစ္စည်း စတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ PRO 1 Mingalardon Center ကြီးက အမှတ်(၃)လမ်းမကြီးပေါ်မှာ ရှိတာမို့လို့ သွားလာရတာ အဆင်ပြေလွယ်ကူချောမွေ့ပါတယ်။ ရန်ကုန်မြို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ လူနေထိုင်မှုထူထပ်တဲ့ မြို့ထဲ ဧရိယာတွေမှာ ယာဉ်ကြောအသွားအလာများလို့ အိမ်ဆောက်ဖို့အတွက် ပစ္စည်းတွေ လာရောက် ဝယ်ယူကြတဲ့ Customer တွေ အချိန်ကြန့်ကြာမှုတွေရှိတာ တွေ့ရပါတယ်။ ဒါကြောင့် နေရာလည်း ကျယ်ဝန်းပြီး သွားလာရ လွယ်ကူတဲ့ အမှတ်(၃) လမ်းမကြီးပေါ်မှာ ဒီစင်တာကြီးကို ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ စင်တာကြီးများအတိုင်း ခေတ်မီဆန်းသစ်တဲ့ နည်းပညာ၊ ဒီဇိုင်းတွေနဲ့ ပြင်ဆင်ဖွင့်လှစ်ပေးထားပါတယ်။ ထူးခြားမှုအနေနဲ့ ဗိသုကာ၊ ဒီဇိုင်နာတွေ ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး software နဲ့ အလှဆင်ပုံစံရေးဆွဲနိုင်မယ့် ပထမဆုံး COTTO Studio ကိုလည်း ထည့်သွင်းဖွင့်လှစ်ပေးထားပါတယ်”ဟု PRO 1 GLOBAL Home Center General Manager ဖြစ်သူ Mr. Kiattiyos က ပြောသည်။
PRO 1 GLOBAL Home Center များတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စိတ်ချမ်းသာစွာနှင့် ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ရုံမျှမကဘဲ မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက်လည်း အထောက်အကူပြုကြောင်း၊ PRO 1 GLOBAL Home Center သည် မြန်မာ့စီးပွားရေးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များက ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) အသိအမှတ်ပြု ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုဖွင့်လှစ်လိုက်သည့် အဆိုပါ PRO 1 GLOBAL Home Center (မင်္ဂလာဒုံစင်တာ)သည် ခေတ်မီကလေးကစားကွင်းများ၊ စားသောက်ဆိုင်နှင့် ဘဏ်များပါ ထည့်သွင်းဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးအခန်း ကဏ္ဍဖွံ့ဖြိုးရေးနှင့် လူနေထိုင်မှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့တွင် အထောက်အကူပြုစေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်၊ လူငယ်များအတွက် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုများပြားလာစေရန်အတွက် ရည်ရွယ်ပြီး PRO 1 GLOBAL Home Center များကို မြို့ကြီးများတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။
ကျော်စိုး


