အော့စလို အောက်တိုဘာ ၁၂
ယခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ပေါက်ကြားမှု ဖြစ်နိုင်ခြေရှိခြင်းအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း နော်ဝေနိုဘယ် အင်စတီကျုက ပြောကြားလိုက်သည်။
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာ မာချာဒိုသည် ၎င်းနိုင်ငံအတွင်း ဒီမိုကရေစီမြှင့်တင်ရေး ကြိုးပမ်းမှုအတွက် အောက်တိုဘာ ၁၀ ရက်တွင် နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၀ ရက်အစောပိုင်းအတွင်း အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်တစ်ခုတွင် မာချာဒို နိုဘယ်ဆုရမှုနှင့် ပတ်သက်ပြီး အလောင်းအစားများမှာ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ကြောင်း နော်ဝေမီဒီယာတစ်ခုက ဖော်ပြထားသည်။
အဆိုပါ ဝက်ဘ်ဆိုဒ်တွင် နော်ဝေနိုဘယ်ကော်မတီက ဆုရရှိသူကို ထုတ်ပြန်မကြေညာမီ ၁၂ နာရီ အလိုတွင် မာချာဒိုဆုရနိုင်ခြေမှာ ၂ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုရနိုင်ခြေမှာ ၄ ရာခိုင်နှုန်းကျော်ရှိကြောင်း အဆိုပါဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သို့သော်လည်း သုံးနာရီအကြာတွင် မာချာဒို၏ ဆုရနိုင်ခြေမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


