နေပြည်တော် အောက်တိုဘာ ၁၃

အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍   တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့မွန်းလွဲ ပိုင်းတွင် ကရင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီး  ဇုန်နှစ်ဇုန်ရှိ သက်ဆိုင်ရာ    အားကစားကွင်းများ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊အားကစားဝါသနာရှင်  ပရိသတ်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက ခုနစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်  ကယားပြည်နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ   တစ်ဖက်သုံးဂိုးစီ သရေ ကျခဲ့သည်။

အဆိုပါ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်ဇုန်လေးဇုန်ခွဲ၍ အောက်တိုဘာ ၁၈ ရက်အထိ ကျင်းပလျက်ရှိပြီး ရှုံးထွက်ပွဲစဉ်များ၊    တတိယလုပွဲစဉ်နှင့်   ဗိုလ်လုပွဲ  ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများ၌ အောက်တိုဘာ ၂၁ ရက်‌၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်ကာ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ပုသိမ်မြို့  ကိုးသိန်းအားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို  အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                    

သတင်းစဉ်