မင့်စ် အောက်တိုဘာ ၁၃
ဘယ်လာရုစ်နိုင်ငံမြို့တော် မင့်စ်နှင့် ဗီယက်နမ်နိုင်ငံ ဖူကူကျွန်းတို့အကြား ပထမဆုံး တိုက်ရိုက်လေကြောင်းပြေးဆွဲခြင်းကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်နိုင်ငံ ဗီလာဗီယာလေကြောင်းလိုင်းမှ ခရီးသည် ၂၈၁ ဦး သယ်ဆောင်လာသည့် လေယာဉ်သည် ဖူကူနိုင်ငံတကာလေဆိပ်သို့ အောက်တိုဘာ ၁၂ ရက်တွင် ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ခရီးစဉ်အား ၁၁ ရက်လျှင် တစ်ကြိမ်ပြေးဆွဲမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၅ -၂၀၂၆ ခုနှစ် ကာလအတွင်း ဘယ်လာရုစ်နိုင်ငံသား ၁၀၀၀၀ လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားသည်။ ယခုလေကြောင်း ခရီးစဉ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် တူလန် ဘယ်လာရုစ်နိုင်ငံသို့ ယခုနှစ် မေလတွင် လာရောက်စဉ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာသည့်ရလဒ်များကို ဖော်ပြနေကြောင်း ဘယ်လာရုစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလူကာရှီဗစ်က လေကြောင်းခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နေကြောင်း ၎င်းက ပြောကြားသည်။
ဗီယက်နမ်၏ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒကြောင့် ဘယ်လာရုစ်နိုင်ငံသားများသည် ဗီယက်နမ်နိုင်ငံတွင် ဗီဇာမလိုအပ်ဘဲ ရက် ၃၀ အထိနေထိုင်နိုင်ကာ လှပပြီး ဧည့်ဝတ်ကျေပွန်သည့် ဗီယက်နမ်နိုင်ငံ၏ အတွေ့အကြုံများကို ရယူနိုင်ကြောင်း ၎င်းက ပြောကြားသည်။ ဗီလာဗီယာလေကြောင်းလိုင်းအနေဖြင့် ဗီယက်နမ်နိုင်ငံရှိ အခြားအပန်းဖြေဒေသများသို့ လေကြောင်းခရီးများ ပြေးဆွဲရေးစီစဉ်ဆောင်ရွက်နေကြောင်း ဗီလာဗီယာလေကြောင်းလိုင်း တာဝန်ရှိသူ Gleb Parkhamovich က ပြောကြားသည်။
ကိုးကား - ဗွီအင်န်အိက်ပရက်
ဘာသာပြန် - စိုးသူရ


