တပ်ကုန်း ၁၆ မတ်
နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၆၈) စက်မှုလယ်ယာစခန်းမှ ကြီးမှူး၍ နွေစပါးစိုက်ရာသီတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းကို ယမန်နေ့က ဥသျှစ်ကုန်းကျေးရွာ၊ ဥသျှစ်ကုန်းကွင်း၊ တောင်သူ ဦးသိန်းမောင်၏ လယ်မြေတွင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝေက အဖွင့်အမှာစကားပြောကြားပြီးနောက် ဥတ္တရခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဝင်းမြင့်ဦးက ကောက် စိုက်စက်ဖြင့် စိုက်ပျိုးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးဘိုမြင့်က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး၊ သုခစပါးပျိုးများအား ရှစ်တန်းသွားကောက်စိုက်စက် (KUBOTA) ဖြင့် လက်တွေ့စိုက်ပျိုးပေးခဲ့သည်။ အဆိုပါကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို အနီးဝန်းကျင်ရှိ ကျေးရွာများမှ နွေစပါးစိုက်တောင်သူ(၁၅၀)ဦးခန့် လာရောက်ကြည့်ရှုကြသည်။
တပ်ကုန်းမြို့နယ်တွင် ဆင်သေ၊ မုန်၊ ကင်းသာ၊ မြို့လှဆည် ရေသောက်စနစ်နှင့် တစ်မြို့နယ်လုံးအနေဖြင့် နွေစပါးလျာထားဧက(၅၀ဝ၀)စိုက်ပျိုးမည်ဖြစ်ပြီး၊ ကောက်စိုက်စက်ဖြင့်လည်း ဧက ၆၀ လျာ ထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်


