ညောင်ဦး ၁၆ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်မှ ဒေသခံ ကျေးလက်နေပြည်သူများ နှစ်စဉ်သောက်သုံးရေရှားပါးမှု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရှိရသဖြင့် ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မျှဝေခြင်းအလှူရှင်များ၏ ပံ့ပိုးလှူဒါန်းငွေများဖြင့် ယခုလ ၂ ရက်နေ့ကစတင်၍ လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက်ပေးနေကြောင်း ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု ၊ ရွှေတွင်းတဲတိုက်တွင် အိမ်ခြေ ၅၀ ရှိပြီး လူဦးရေ ၃၀ဝ နီးပါးခန့် ရှိကြောင်း သိရကာ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းအား စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။ ကျေးလက်နေပြည်သူများအနေဖြင့် အဝီစိစက်ရေတွင်း မရှိသည့်အတွက် တဲတိုက်နှင့် လေးဖာလုံခန့် ဝေးကွာသည့် စုတည်ရွာမကျေးရွာရှိ အဝီစိစက်ရေတွင်းသို့ နွားလှည်း များဖြင့် ပင်ပင်ပန်းပန်း သောက်သုံးရေ သွားရောက်ခပ်ယူသုံးစွဲနေရကြောင်း ရွှေတွင်းတဲတိုက်ရှိ ဒေသခံပြည်သူများ ထံမှ သိရသည်။
“ကျွန်တော်တို့ ညောင်ဦးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု ၊ ရွှေတွင်းတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူတွေ နှစ်စဉ် ကြုံတွေ့နေရတဲ့ သောက်သုံးရေရှားပါးမှုအခက်အခဲတွေ ပြေလျော့သက်သာစေရေးအတွက် မျှဝခြင်းအလှူရှင်များ၏ ပံ့ပိုး လှူဒါန်းမှုဖြင့် မတ် ၂ ရက်နေ့က စတင်ပြီး ဌာနပိုင် အဝီစိစက်ရေတွင်း တွင်းတူးစက်ကြီးများဖြင့် လေးလက်မ အဝီစိ စက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက်ပေးနေပါတယ်။ ယခု အဝီစိစက်ရေတွင်းက တွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ဆက် လက်ပြီး ဒေသခံပြည်သူတွေ သောက်သုံးရေ စနစ်တကျ ခပ်ယူသုံးစွဲနိုင်ရေးအတွက် ရေဂါလံ ၃၀ဝ၀ ဆံ့ ရေလှောင်အုတ်ရေကန် နဲ့ အကျယ်အဝန်း (၆ ပေ × ၉ ပေ) ရှိ ရေစက်ရုံတို့ကို ဆက်လက် ဆောင်ရွက်နေပါတယ်။ ယခုဆိုရင် ရွှေတွင်းတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူတွေက မကြာမီ အချိန်မှာ ရာသီမရွေး သောက်သုံးရေဖူလုံစေမည့် အဝီစိစက်ရေတွင်း ရရှိတော့မည်ဖြစ်လို့ ဝမ်းသာပျော်ရွှင်လျက် ရှိနေကြပါတယ်” ဟု ညောင်ဦးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင် က ပြောပြ၍ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေကန်များ၊ လက်တူးတွင်းကျယ်များ၊ စိမ့်စမ်းရေထွက်များ ခန်းခြောက်လာသောဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ဌာနပိုင် အဝီစိ တွင်းတူးစက်ကြီးများဖြင့် နိုင်ငံတော်ရန်ပုံငွေ၊ မျှဝေခြင်း အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ပြည်သူများ သောက်သုံးရေဖူလုံစေရန် စနစ်တကျ တူးဖော်ဆောင်ရွက်ပေးနေပါတယ် ဟု ၎င်းက ဆက်လက် ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


