အောက်တိုဘာ ၁၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပဇုန် ကမ္ဘာ့ဖလား‌ခြေစစ်ပွဲစဉ်တွေမှာ နယ်သာလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ   ဖင်လန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ဖင်လန်အသင်းကို  လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ နယ်သာလန်အသင်းအတွက်    သွင်းဂိုးတွေကို    ပွဲကစားချိန် ရှစ်မိနစ်မှာ မာလန်က တစ်ဂိုး၊ ၁၇ မိနစ်မှာ ဗန်ဒိုက်ကတစ်ဂိုး၊ ၃၈ မိနစ်မှာ ဒီပေးက တစ်ဂိုးနဲ့ ၈၄ မိနစ်မှာ ဂတ်ပိုက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ  နယ်သာလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့တိုက်စစ်မှူးဒီပေးဟာ နယ်သာလန်အသင်းနဲ့အတူ   နိုင်ငံတကာသွင်းဂိုး   ၅၄  ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ် ပွဲခြောက်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ငါးပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် ၁၆ မှတ်နဲ့ အုပ်စုအဆင့် ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အခြားသောပွဲစဉ်တွေမှာတော့ စကော့တလန်အသင်းက   ဘယ်လာရုစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊   ဒိန်းမတ်အသင်းက  ဂရိအသင်းကို သုံးဂိုး-တစ်ဂိုး၊ ပိုလန်အသင်းက လစ်သူရေးနီးယားအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဆိုက်ပရပ်စ်အသင်းက ဆန်မာရီနိုအသင်းကို လေးဂိုး-ဂိုးမရှိ၊   ရိုမေးနီးယားအသင်းက ဩစတြီးယားအသင်းကို    တစ်ဂိုး-ဂိုးမရှိ၊ ခရိုအေးရှားအသင်းက ဂျီဘရော်တာအသင်းကို သုံးဂိုး-ဂိုးမရှိစသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်