မကွေး   အောက်တိုဘာ   ၁၃

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင်  မကွေးမြို့ မြို့နယ်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်း‌ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊   တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့အချိန်တွင် ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာပြီး အကျိုးဆက်အနေဖြင့် သဘာဝဘေးအန္တရာယ်များကို  ကမ္ဘာတစ်ဝန်းလုံး ကြုံတွေ့ခံစားနေရကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုဖြစ်စဉ်ဖောက်ပြန်မှုများကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာသည်ကိုလည်း သိသာထင်ရှားစွာ တွေ့မြင်ကြရမည်ဖြစ်ပြီး တောမီးလောင်ခြင်း၊ မုန်တိုင်းဘေး၊  ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး စသည့် ဘေးအန္တရာယ်များကို နိုင်ငံအတော်များများတွင် ကြုံတွေ့နေရကြောင်း၊ နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်သတိပေးစနစ်များ၊ သတင်းအချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူ အသုံးချနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြိုတင်သတိပေး ထုတ်ပြန်ချက်များနှင့် အရေးပေါ်တုံ့ပြန်မည့်  အစီအမံများကို ပြည်သူများအားလုံး  ဆောလျင်စွာသိရှိ နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက မီဒီယာ နည်းလမ်းများဖြင့် စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူတစ်ရပ်လုံး တက်ကြွစွာပါဝင်မှုဖြင့်   ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံဗီဒီယို၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့်   ငလျင်ဘေးအသိပညာပေး ဗီဒီယိုတို့ကို ပြသခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)