ခင်သန်းမြင့်

 

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်မှာ အောက်တိုဘာလ ၇ ရက်နေ့က စတင်ကျင်းပခဲ့တာမှာ အခုပြီးစီးသွားလို့ ဆုချီးမြှင့်ပွဲ အခမ်းအနားတောင် ကျင်းပပြီးစီးသွားပါပြီ။ 

 

ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ညွှန်းဆိုဖော်ပြရာတွင် ယင်းနိုင်ငံ၊ ယင်းလူမျိုးတို့၏ အနုသုခုမ ယဉ်ကျေးမှုအဆင့် အတန်းကို သက်တမ်းကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့မှုနှင့် ရှေးအစဉ်အလာမပျက် ဖော်ထုတ်ပြသနိုင်မှုသည် အဓိကကျသည့်အချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက တည်တံ့ဖြစ်ထွန်းခဲ့သည့် ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ယနေ့ထက်တိုင် အရှည်တည်တံ့ခိုင်မြဲပြီး ရှေးမူရှေးဟန်မပျက် ဖော်ထုတ်ပြသနေနိုင်သည်မှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကမ္ဘာ့အလယ်တွင် ပြသနေခြင်းပင်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

 

ရှေးအစဉ်အလာကောင်းများကို အတုယူ

 

ဒါ့အပြင် “မျက်မှောက်ကာလတိုင်အောင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပိုင်ဆိုင်ခွင့်ရရှိနေသည်မှာ မြန်မာ့သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းလာခဲ့ကြသည့် မိမိတို့၏ မြန်မာ့ဘိုးစဉ်ဘောင်ဆက်များက ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်းခဲ့ကြသည့် ကျေးဇူးများကြောင့်ပင်ဖြစ်ကြောင်း၊ ရှေးအစဉ်အလာကောင်းများကို အတုယူပြီး မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်းမသွားအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်မှာ မိမိတို့၏အမွေခံမျိုးဆက်သစ်များ၏ အမျိုးသားရေးတာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ မြွက်ကြားမှုတွေဟာ ယနေ့ကမ္ဘာ့အခြေအနေအရ အင်မတန်မှ လျော်ညီသင့်မြတ်မှုရှိပါပေတယ်။ ယနေ့ကမ္ဘာမှာ အင်အားကြီးနိုင်ငံအချို့က သူတို့ရဲ့ ယဉ်ကျေးမှုကို Soft Power အဖြစ် အသုံးချပြီး ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေအပေါ် ယဉ်ကျေးမှုအရ လွှမ်းမိုးမှုရှိလာအောင် တွင်တွင်ကျယ်ကျယ် တင်သွင်းလုပ်ဆောင်နေပါတယ်။ ဒီလုပ်ရပ်တွေက အခုမှမဟုတ်ပါဘူး။ စစ်အေးခေတ်ကာလကတည်းကပါ။ 

 

ကိုယ်ပိုင်ယောင်ယောင် ဖန်တီးလုပ်ဆောင်လာကြ

 

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာတဲ့ ယနေ့မျက်မှောက်ကာလမှာတော့ ယဉ်ကျေးမှု လွှမ်းမိုးမှုအန္တရာယ်အပြင် ဒြပ်ရှိ၊ ဒြပ်မဲ့ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်တွေအပေါ် ပုံတူကူးချခြင်း၊ ကိုယ်ပိုင်ယောင်ယောင် ဖန်တီးလုပ်ဆောင်လာကြခြင်းတို့ကြောင့် နိုင်ငံအများအပြားဟာ ကိုယ့်ရဲ့ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ယူနက်စကို အဖွဲ့ကြီးမှာ သူထက်ငါ ဦးအောင်စာရင်းသွင်း လျက်ရှိပါတယ်။

 

ဒါကြောင့်မို့ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမ ပညာရပ်များကို မြတ်နိုးတန်ဖိုးထားတဲ့ နိုင်ငံတော် အစိုးရအဆက်ဆက်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပပေးခဲ့ရာမှာ ယခု (၂၆) ကြိမ် ပြီးမြောက်ခဲ့ပါပြီ။

 

ရင်အုပ်မကွာ ဆုံးမသွန်သင်လမ်းပြပေးဖို့လို

 

မြန်မာတို့ရဲ့အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ အမျိုးသား ယဉ်ကျေးမှုလက္ခဏာတွေကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်နိုင်ရေးဆိုတဲ့ ကောင်းမြတ်တဲ့ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့အညီ နိုင်ငံတော်က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်မပျက် ကျင်းပပေးလျက်ရှိသလို တစ်ခါက ကမ္ဘာမှာ ဂုဏ်သတင်းမွှေးပျံ့ သင်းကြိုင်ခဲ့တဲ့ မြန်မာတို့ရဲ့ဖော်ရွေမှု၊ ရိုးသားဖြောင့်မတ်မှု၊ သနားကြင်နာမှု၊ ရိုင်းပင်းကူညီမှု၊ အလှူအတန်းရက်ရောမှု၊ ဘာသာတရားကိုင်းရှိုင်းမှုစတဲ့ မြန်မာ့စိတ်ရင်းစေတနာလို့ ဆိုရမယ့် စိတ်ဓာတ်ယဉ်ကျေးမှုတွေကိုလည်း သားစဉ်မြေးဆက်မပျောက်ပျက်အောင် မိဘ၊ ဆရာ သမားတို့က ရင်အုပ်မကွာ ဆုံးမသွန်သင်လမ်းပြပေးဖို့ လိုအပ်ပါတယ်။

 

လက်ရှိအင်တာနက်လိုင်းပေါ်က ဟီရိဩတ္တပ္ပ တရားကင်းမဲ့မှုတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုသဝါစာ တွေ၊ သိမ်ဖျင်းတဲ့ သမ္မပ္ပလာပတွေအပေါ် လူအချို့ ရဲ့ နှစ်ခြိုက်အားပေးမှုတွေ၊ လူအချို့ရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ချို့ယွင်းပျက်ပြားပြီး ရက်စက်ကြမ်းကြုတ်၊ ရိုင်းပျမှုတွေကို တွေ့မြင်ရတာကြောင့် စိတ်ဓာတ်ယဉ်ကျေးမှုတည်ဆောက်ဖို့ ပိုလိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ 

 

မြန်မာတို့ရဲ့စိတ်ဓာတ်ယဉ်ကျေးမှု၊ တစ်နည်းအားဖြင့် မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှုကတော့ ဗုဒ္ဓဘာသာထွန်းကားစည်ပင်တဲ့ တိုင်းနိုင်ငံပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ ကင်းလွတ်တယ်ရယ်လို့ မရှိပါဘူး။ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့လူနေမှုစနစ်မှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မင်္ဂလသုတ်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ ပညာရှင်ကြီးများက ဆိုကြပါတယ်။
 

၃၈ ဖြာ မင်္ဂလာတရားတွေကို ဘိုးစဉ်ဘောင်ဆက် လိုက်နာကျင့်သုံးလျက်ရှိ

 

လူ့လောကကြီးအတွက် အခြေခံတရားသုံးပါး ဖြစ်တဲ့ လူမိုက်နဲ့မပေါင်းသင်းဖို့၊ ပညာရှိသူတော်ကောင်းကို ဆည်းကပ်ဖို့၊ ပူဇော်ထိုက်သူကို ပူဇော်ဖို့။ လူ့ကျင့်ဝတ်အရ မိဘကိုလုပ်ကျွေးမွေးမြူဖို့၊ သားမယားကို ချီးမြှောက်ထောက်ပံ့ဖို့၊ ဆွေမျိုးတွေကို ပေးကမ်းထောက်ပံ့ဖို့၊ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ဖို့၊ တွေ့ကြုံလာရင်လည်း မလွန်ကျူးမိအောင်စောင့်စည်းဖို့၊ မူးယစ်အရက်သေစာ မသောက်စားဖို့၊ အသက်ဂုဏ် သိက္ခာကြီးသူ၊ ရိုသေထိုက်သူကို ရိုသေလေးစားဖို့၊ ကိုယ့်ကိုယ်ကိုယ် နှိမ်ချဖို့၊ ရောင့်ရဲလွယ်ဖို့၊ ပြောဆိုဆုံးမလွယ်သူဖြစ်ဖို့၊ သည်းခံခွင့်လွှတ်တတ်သူဖြစ်ဖို့ သူ့ကျေးဇူးကို သိတတ်ဖို့ စတဲ့ လောကီ၊ လောကုတ္တရာနှစ်ထွေ နှစ်ဝလိုက်နာ ကျင့်သုံးအပ်တဲ့ ၃၈ ဖြာ မင်္ဂလာတရားတွေကို မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကောင်းများအဖြစ် မြန်မာ့လူ့ဘောင်မှာ ယနေ့တိုင် ဘိုးစဉ်ဘောင်ဆက် လိုက်နာကျင့်သုံးလျက်ရှိပါတယ်။

 

ဒါ့အပြင် မြတ်စွာဘုရားရှင်က ရာဇဂြိုဟ်မြို့သား သိင်္ဂါလသတို့သားအား ဟောကြားတော်မူခဲ့တဲ့ မိဘနဲ့သားသမီးဆက်ဆံရေးမှာ မိဘများဘက်က ထားရှိရမယ့် “မကောင်းမှုကို တားမြစ်ခြင်း၊ ကောင်းမှုကို အားပေးညွှန်ပြခြင်း၊ ငယ်ရွယ်စဉ်မှာ ပညာသင်ကြားပေးခြင်း၊ သင့်လျော်သော အိမ်ထောင်ချပေးခြင်း၊ သင့်လျော်သောအချိန်မှာ အမွေပစ္စည်း လွှဲအပ်ပေးခြင်း”ဆိုတဲ့ မိဘဝတ္တရားငါးပါး။

 

ထို့အတူ “ကျွေးမွေးပြုစုခြင်း၊ အမှုကိစ္စများ ဆောင်ရွက်ပေးခြင်း၊ အမျိုးအနွယ်ကို စောင့်ထိန်း ခြင်း၊ အမွေပစ္စည်းများကို ဆက်ခံစောင့်ရှောက်ခြင်း၊ ကွယ်လွန်လေပြီးသော မိဘများအတွက် ကောင်းမှုပြု၍ အမျှပေးဝေခြင်းဆိုတဲ့” ဆိုတဲ့ သားသမီးများဘက်ကလည်း မိဘများအပေါ်ထားရှိရမယ့် ဝတ္တရားငါးပါး။ 

 

ဆရာနဲ့တပည့် အပြန်အလှန်ဆက်ဆံရေးဖြစ်တဲ့ “အနေအထိုင်တတ်အောင်ဆုံးမခြင်း၊ ပညာတတ်အောင် သင်ကြားပေးခြင်း၊ မိမိတတ်သမျှ မခြွင်းမချန်သင်ပေးခြင်း၊ မိတ်ဆွေအလုပ်ရှင်များထံ အပ်နှံပေးခြင်း၊ ဘေးအန္တရာယ်ကြုံသောအခါ ကာကွယ်ပေးခြင်း” ဆိုတဲ့ ဆရာ့ဝတ္တရားငါးပါး။

 

“ထကြွလုံ့လရှိခြင်း၊ ဆိုဆုံးမမှုအပေါ် ရိုသေစွာနာယူခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ ခြေဆုပ်လက်နယ် ပြုစုလုပ်ကျွေးခြင်း၊ ပညာကိုလေးစားစွာ သင်အံ လေ့ကျင့် သင်ယူခြင်း” ဆိုတဲ့ တပည့်ဝတ္တရားငါးပါး။

 

“ချစ်ခင်မြတ်နိုးခြင်း၊ မခန့်လေးစားမပြုခြင်း၊ အငယ်အနှောင်းမထားခြင်း၊ စည်းစိမ်ဥစ္စာအပ်နှံခြင်း၊ ဝတ်စားတန်ဆာဆင်ယင်ခြင်း” ဆိုတဲ့ လင့်ဝတ္တရားငါးပါး။

 

“အိမ်တွင်းလုပ်ငန်းများလုပ်ကိုင်ခြင်း၊ မှီခိုသူများကို ထောက်ပံ့ကျွေးမွေးခြင်း၊ အငယ်အနှောင်း မထားခြင်း၊ ရှိပြီးဥစ္စာကို စနစ်တကျထိန်းသိမ်းခြင်း၊ လုပ်ငန်းကိစ္စဟူသမျှ၌ ကျွမ်းကျင်ခြင်း” ဆိုတဲ့ မယားဝတ္တရားငါးပါး။

 

“လုပ်သားကို ခွန်အားနှင့်တန်ရုံသာ ခိုင်းစေခြင်း၊ လုပ်ခရိက္ခာပေးခြင်း၊ ထိခိုက်ဖျားနာသော ဆေးကုပေးခြင်း၊ စားကောင်းသောက်ဖွယ် ဝေငှခြင်း၊ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း” ဆိုတဲ့ အလုပ်ရှင်ရဲ့တာဝန်ဝတ္တရားငါးရပ်။

 

“အိပ်ရာမှစောစောထခြင်း၊ နောက်ကျမှ အိပ်ရာဝင်ခြင်း၊ ခိုးဝှက်မှုမပြုခြင်း၊ အလုပ်ကောင်းကောင်းလုပ်ခြင်း၊ အလုပ်ရှင်ရဲ့ဂုဏ်ကျေးဇူးကို ထုတ်ဖော် မြွက်ကြားခြင်း” ဆိုတဲ့ အလုပ်သမားတို့ဘက်က တာဝန်ဝတ္တရားငါးပါး။

 

“ထောက်ပံ့ပေးကမ်းခြင်း၊ ချိုချိုသာသာပြောဆို ခြင်း၊ အကျိုးစီးပွားကို ဆောင်ရွက်ခြင်း၊ မိမိနှင့် တန်းတူထားခြင်း၊ စကားသစ္စာတည်ကြည်ခြင်း” ဆိုတဲ့ မိတ်ဆွေအချင်းချင်း ဆောင်ရွက်ရန် တာဝန်ငါးရပ်။
စတဲ့မြတ်ဗုဒ္ဓရဲ့ လူမှုရေးတရားတော်တွေဟာ လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ မြန်မာ့ ဓလေ့ရိုးရာယဉ်ကျေးမှုအဖြစ် ယနေ့တိုင်အမြစ် တွယ်တည်ရှိနေဆဲပါ။

 

လောကလူ့ဘောင်ကို အပြန်အလှန်ထိန်းကျောင်းပေးလျက်ရှိ

 

ခေတ်ကာလမရွေး လောကီ၊ လောကုတ္တရာ ကောင်းကျိုးအဖြာဖြာကို ပေးစွမ်းနိုင်ရုံမက လောကလူ့ဘောင်ကို အပြန်အလှန်ထိန်းကျောင်း ပေးလျက်ရှိတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို မြန်မာ့လူ့ဘောင်မှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာခဲ့ကြတာဟာ ယနေ့တိုင်ပါပဲ။ ဒီလို မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုအဖြစ် ဖြစ်တည်လာခဲ့တဲ့ ကောင်းမြတ်တဲ့ ဓလေ့ထုံးစံတွေ မကွယ်ပ၊ မပျောက်ပျက်အောင်အားလုံးက ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

 

မြန်မာ့စိတ်ရင်းအမှန်ဖြစ်တဲ့ စိတ်ဓာတ်ယဉ်ကျေးမှုစံနှုန်းတွေ တည်ရှိနေသမျှ မြန်မာတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဝိသေသလက္ခဏာတွေဟာလည်း ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်စော ပျံ့နှံ့နေဦးမှာ ဖြစ်ပါတယ်။ ။