ရန်ကုန် အောက်တိုဘာ ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoriev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် စိန့်ပီတာစဘတ်နေ့အခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoriev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. lskander Azizov ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စိန့်ပီတာစဘတ်မြို့၏ အထင်ကရနေရာများ၊ မြန်မာနိုင်ငံ၏ အထင်ကရနေရာများ ပါဝင်သည့် ရုပ်သံမှတ်တမ်းနှင့် စိန့်ပီတာစဘတ်မြို့တော်ဝန် H.E. Mr. Alexander Beglov ၏ နှုတ်ခွန်းဆက် ရုပ်သံမိန့်ခွန်းကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ ရုရှားရိုးရာအဆိုအကများဖြင့်လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ အဆိုအကများဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ မြန်မာ့ယဉ်ကျေးမှု အဆိုအကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဖျော်ဖြေတင်ဆက်ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရပန်းခြင်းများ ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် စိန့်ပီတာစဘတ်နေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် ရုရှားသံအမတ်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က Lotte Hotel Crystal Ballroom ၌ ဧည့်သည်တော် များနှင့် အခမ်းအနားတက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဆုတောင်းစကားများ ပြောကြားကြပြီး နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


