တောင်ကြီး အောက်တိုဘာ ၁၃
လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်ရန်နှင့် ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ခွင့် ရရှိရေးအတွက် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုပြီး ဆောင်ရွက်ရန်ကိစ္စများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် ပါဝင်မှုမရှိစေရေးနှင့် မဲစာရင်းမှန်ကန်ရေးအတွက် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများက စနစ်တကျစိစစ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းများကို အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မဲစာရင်းမှန်ကန်ရေး စနစ်တကျစိစစ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတို့က မဲစာရင်းဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း၊ မဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ Call Center ဖွင့်လှစ်ထားရှိမှုကို ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့တော်ခန်းမ၌ ကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ Video Message ကိုပြသကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော သဘာဝဘေး အသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညောင်ရွှေမြို့နယ် ကျော့မောင်ငယ်ကျေးရွာတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းပွဲနှင့် လယ်သီးထပ်ဆီနေကြာမျိုးစေ့၊ သွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ရာ တောင်သူများက လက်ခံရယူ၍ လိုအပ်ချက်အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၈၅) စက်မှုလယ်ယာစခန်း ရွှေညောင်မြို့ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


