မိတ္ထီလာ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရ  သင်တန်းအမှတ်စဉ်(၄)  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက  ပညာတတ်လူငယ်လူရွယ် စက်မှုလယ်ယာကျွမ်းကျင်လုပ်သားကောင်းများ ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုဆိုင်ရာ  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှ အာမခံချက်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရေးတို့အတွက်  ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း   ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းသား ၄၄ ဦး  တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ  ၁၃ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်အထိ  ကြာမြင့်မည်ဖြစ်ပြီး ၎င်းသင်တန်းတွင်   လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုပညာရပ်များသာမက စက်ပြင်ဆင်မှုပညာရပ်များကိုပါ တစ်ပြိုင်နက်ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)