ရိခေါ်ဒါရ် ၁၆ မတ်   

 

ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် အမှတ်(၁၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုနှင့် ရိခေါ်ဒါရ်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်မြေရဲစခန်းတို့ ပူးပေါင်းပြီး လူကုန်ကူးမှုနှင့် လူမှောင်ခိုဆိုင်ရာအသိပညာပေးဟောပြောပွဲကို မတ် ၁၆ ရက် နံနက် ၈ နာရီတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် အလုပ်သမားနားနေဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမှတ်(၁၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ဟားခါးမြို့)မှ ဒုတိယရဲမှူး အောင်နိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူမှောင်ခိုဆိုင်ရာအကြောင်း အရာများ၊ အန္တရာယ်ဆိုးကျိုးများနှင့် တိုက်ဖျက်ရေးလုပ်ငန်းတွင် သိသင့်သိထိုက်သည်များကို အသိပညာပေး ဟောပြောဆွေးနွေးပြီး ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် ကောင်းမြတ်ဇော်က လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွင် သက်ဆိုင်ရာဌာနများနှင့်အတူ ဒေသခံပြည်သူများလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

 

အဆိုပါ အခမ်းအနားတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များ၊ ရပ်ကွက်လူငယ်များနှင့် အလုပ်သမားအဖွဲ့များ တက်ရောက်ခဲ့ကြောင်း၊ ယခုအသိပညာပေး ဟောပြောပွဲပြုလုပ်သည့် ရိခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်တစ်ခုဖြစ်ပြီး လူဝင်လူထွက်များပြားသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 


MDN

 

IMG-90