ကျောက်ဆည်  အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ်၌  ဆည်ရေသောက်/ မိုးရေသောက်စနစ်ဖြင့် မိုးသီးနှံမျိုးစုံစိုက်ပျိုးထားရာ  ၂၀၂၅-၂၀၂၆ ခုနှစ် မှိုင်းပန်ကျေးရွာ၌ တောင်သူ ဦးမြင့်မွှေး စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ဝါစိုက်ပျိုးခြင်းများနှင့်ပတ်သက်၍   မြို့နယ်တာဝန်ရှိသူများ၏ ဝါစိုက်ပျိုးခြင်း နည်းစနစ်များအတိုင်း မြေအစိုဓာတ်ရရှိချိန်တွင်တစ်ဧက သတ်မှတ်အပင်ပြည့်မီစွာ စတင်စိုက်ပျိုးပြီး အပင်သက်တမ်း ၂၀ ရက်မှ ၂၅ ရက်သားတွင်   စိုက်ကျင်းတစ်ကျင်းတွင်   သန်မာသည့် အပင်နှစ်ပင်ချန်၍  သားခွဲပေးကြောင်း၊  ဝါပင်သက်တမ်း   ရက် ၅၀ အထိ စုပ်ပိုးကာကွယ်ဆေး နှစ်ကြိမ်နှင့် ဝါဂွမ်းပိုးနီနှင့် ရွက်လိပ်ရွက်စားပိုး နှစ်ကြိမ်ဖျန်းခြင်းများ   ဆောင်ရွက်ကြောင်း  တောင်သူ ဦးမြင့်မွှေးက ပြောသည်။

ကျောက်ဆည်မြို့နယ်၌  ဝါသီးနှံများကို  မှိုင်းပန်ကျေးရွာအုပ်စုတွင် ၃၇၅ ဧက၊  သင်္ဂတုံကျေးရွာ အုပ်စု၌ ၂၃ ဧက၊ ကလေးကျေးရွာအုပ်စု၌ ၁၈ ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စု၌ ၁၀ ဧက၊ ရဲဘော်ကြီးကျေးရွာ အုပ်စု၌ ၅၀၂ ဧက၊ ရဲယမန်းကျေးရွာအုပ်စု၌ ၉၄၆ ဧကနှင့် အခြားကျေးရွာအုပ်စုများရှိ    ယာမြေများတွင်လည်း    စိုက်ပျိုးထားရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)