ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှ အောက်တိုဘာ ၁၃ ရက် နံနက် ၅ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် နော်ဝေ ယူ-၂၀ နှင့် ပြင်သစ် ယူ-၂၀ အသင်းပွဲစဉ်တွင် ပြင်သစ် ယူ-၂၀ အသင်းက အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့သည်။
နော်ဝေအသင်းသည် ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့သော်လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့သောကြောင့် ယခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားဖိုင်နယ်မှ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်သည်။ ပွဲကစားချိန် ၁၉ မိနစ်တွင် ဆိုင်မွန်ဘူအာဘရေက ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။
ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးပမ်းအားထုတ်လာသော နော်ဝေအသင်းသည် ပြင်သစ်အသင်း ခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိသောကြောင့် သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။ ပွဲကစားချိန် ၃၇ မိနစ်တွင် ပြင်သစ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဘူအာဘရေကပင် သွင်းယူပေးခဲ့သည်။
နော်ဝေအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲကစားချိန် ၈၃ မိနစ်တွင် ရက်မတ်စ်ဟွိုင်တန်းက သွင်းယူပေးခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး လူစားပြောင်းလဲမှုများပြုလုပ်ကာ သွင်းဂိုးရရှိရေး ကြိုးပမ်းလာသော်လည်း ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပြင်သစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၌ မော်ရိုကို ယူ-၂၀ အသင်းနှင့်အောက်တိုဘာ ၁၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မော်ရိုကိုအသင်းသည် ကွာတားဖိုင်နယ်တွင် နာမည်ကြီး အမေရိကန်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသည့် အသင်းဖြစ်သည်။
အောင်ဇော်


