နေပြည်တော် အောက်တိုဘာ ၁၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး  ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လာရောက် ဂါရဝပြု တွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander AZIZOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူငယ် ကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွား မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်