နေပြည်တော် အောက်တိုဘာ ၁၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး ဇုန်နှစ်ဇုန်ရှိ သက်ဆိုင်ရာအားကစားကွင်းများ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက လေးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပ မည်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည့် ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။
အောက်ဆိုဘာ ၁၅ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


