ဂျာမနီအသင်းဟာ မြောက်အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ တစ်ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ မြောက်အိုင်ယာလန် အသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန် ၃၁ မိနစ်မှာ ရရှိခဲ့တဲ့ ဝိုလ်တီမိတ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလား လေးကြိမ်ဆွတ်ခူးထားတဲ့ ဂျာမနီအသင်းဟာ မြောက်အိုင်ယာလန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အုပ်စု(A)မှာ လေးပွဲကစား၊ ရမှတ်ကိုးမှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပြီး ဆလိုဗက်ကီးယားအသင်းက ဂျာမနီအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ လူဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စု(၁၁)ဖြင့်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုထိပ်ဆုံးအသင်း ၁၁ သင်းက ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး အုပ်စုဒုတိယနေရာက အသင်းတွေကတော့ play-off ကစားပြီးအနိုင်ရမှသာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိအုပ်စုအသီးသီးမှာ ထိပ်ဆုံးက ရပ်တည်လျက်ရှိတဲ့ အသင်းတွေကတော့ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဩစတြီးယား၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ပဲ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ပွဲစဉ်တွေမှာတော့ ဆလိုဗက်ကီးယားအသင်းက လူဇင်ဘတ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ကိုဆိုဗိုအသင်းက ဆွီဒင်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ယူကရိန်းအသင်းက အဇာဘိုင်ဂျန်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဘယ်လ်ဂျီယံအသင်းက ဝေးလ်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆလိုဗေးနီးယားအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်မှာ ဂိုးမရှိသရေ၊ အိုက်စ်လန်အသင်းနဲ့ ပြင်သစ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီသရေ၊ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ကာဇက်စတန်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ စသဖြင့် ရလဒ်အသီးသီးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


