လွိုင်လင် ၁၆ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လွိုင်လင်)မှ တပ်ဖွဲ့စုမှူး၊ ဒုရဲမှူးမြတ်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပြည်သူများ စုပေါင်းကာ ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ လွိုင်လင် မှ ပင်လုံသို့ စီးနှင်းမောင်းနှင်သရုပ်ပြခြင်းကို မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းသော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာတတ်စေရန်၊ ဆိုင်ကယ်မတော်တဆထိခိုက်မှုဖြစ်ပါက အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် (Helmet Campaign 2019 Loilem) ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ ယင်း အစီအစဉ်တွင် ပါဝင်ကြသူများအား T – Shirt အင်္ကျီအထည်(၂၀ဝ) နှင့် ဆိုင်ကယ်စီးဦးထုပ်(၁၅၀)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း အမှတ်(၁၁၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(လွိုင်လင်)မှတပ်ဖွဲ့စုမှူး၊ ဒုရဲမှူးမြတ်ထွန်း ပြောကြားသည်။
အဆိုပါ ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန် သရုပ်ပြပွဲသို့ လွိုင်လင်တပ်နယ်မှူး ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးကြပြီး ဆိုင်ကယ်စီးဦးထုပ် မေးသိုင်းကြိုးများ စနစ်တကျတပ်ဆင်ပေးကြကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)


