မန္တလေး ၁၆ မတ်

 

ယခုနှစ်၌ သကြားဈေးနှုန်း ကျဆင်းမှုကြောင့် လာမည့်ကြံစိုက်ရာသီတွင် မြန်မာနိုင်ငံ ကြံစိုက်ဒေသများတွင် ကြံစိုက်ဧက လျော့နည်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ယခုနှစ်တွင် ပြည်တွင်းသကြားစက်ရုံများ သကြားထုတ်လုပ်သည့် ရာသီထိ တရုတ်နိုင်ငံက သကြား ဝယ်ယူမှုရပ်တန့်ခဲ့ပြီး မြန်မာနိုင်ငံတွင် Re-export သကြားများစုပုံနေ၍ သကြားဈေးနှုန်းမှာလည်း တစ် ပိဿာလျှင် ငွေကျပ် ၁၀ဝဝ ကျော် ထိသာ ဈေးရရှိခဲ့သည့်အတွက် လာမည့်ကြံစိုက်ရာသီတွင် ကြံစိုက်ဧက လျော့နည်းသွားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

" အခုသကြားဈေးနဲ့ဆို ကြံစိုက်တောင်သူတွေက ကြံစိုက်ဖို့ သိပ်စိတ်မဝင်စားကြတော့လို့ ကြံစိုက်ဧက သိသာတဲ့ ပမာဏတော့လျော့သွားမှာပဲ။ ကြံစိုက်ဧကလျော့ရင် သကြားထုတ်လုပ်မှုလဲ လျော့ကျသွားမယ်။ ကြံစိုက်တောင်သူတွေ အနေနဲ့ လက်ရှိ လမိုင်းခင်းတွေဖျက်ပြီး အခြားအစားထိုးသီးနှံတွေပဲ ပြောင်းစိုက်ကြလိမ့်မယ်။ သကြားကတော့ တရုတ်ရဲ့ ဝယ်ယူမှုအခြေအနေကို စောင့်ကြည့်ရမှာပါပဲ" ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

 

မြန်မာနိုင်ငံ၌ ၂၀၁၄-၂၀၁၅ ခုနှစ်က ကြံစိုက်ဧက ၄၄၀ဝဝဝ ကျော် စိုက်ပျိုးရာတွင် သကြားတန် ပေါင်း ၄၅၀ဝဝဝ ကျော်၊ ၂၀၁၅- ၂၀၁၆ ခုနှစ်က ကြံဧက ၃၉၀ဝဝဝ ကျော် စိုက်ပျိုးရာတွင် သကြား တန်ပေါင်း ၃၉၀ဝဝဝ ကျော်၊၂၀၁၆-၂၀၁၇ ခုနှစ်က ကြံဧက ၄၀ဝဝဝဝ ကျော် စိုက်ပျိုးရာတွင် သကြား တန်ပေါင်း ၃၇၀ဝဝဝ ကျော်၊၂၀၁၇-၂၀၁၈ ခုနှစ်က ကြံဧက ၄၀ဝဝဝဝ ကျော်စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၅၀ဝဝဝဝ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကြံစိုက်ဧက ၄၄၀ဝဝဝ ကျော် စိုက်ပျိုးခဲ့ပြီး သကြားတန်ပေါင်း ၅၀ဝဝဝဝ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိမြန်မာနိုင်ငံ၏ သကြားသုံးစွဲမှုသည် တစ်နှစ်လျှင် သကြား တန်ချိန် ခြောက်သိန်းငါးသောင်း ခန့်ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပြီး လက်ရှိသကြားထုတ်လုပ်မှုသည် တန် ငါးသိန်းခန့်ရှိသည့် အတွက် ပြည်တွင်းစားသုံးမှုအပြည့် ဖြည့်ဆည်းနိုင်ရန် တန် ၁ ဒသမ ၅ သိန်းခန့် လိုအပ်လျက်ရှိသေးကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ 

 

သူရိန်လင်း