နေပြည်တော် အောက်တိုဘာ ၁၄

 

အခြေခံပညာကဏ္ဍ သင်ကြား၊ စီမံရေးရာ ဝန်ထမ်းများ၏ ရာထူးတိုး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများ သုံးသပ်ခြင်းနှင့် အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ တိုင်းဒေသကြီး ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာ အောက်တွင်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ၏ ရာထူးတိုး၊ အပြောင်းအရွှေ့ မူဝါဒများသည် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲမှ ပိုမိုကောင်းမွန်သည့် မူဝါဒများ ချမှတ်နိုင်ရေး ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အကောင်းဆုံးသော အတိုးအပြောင်း မူဝါဒများကို ဆွေးနွေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများဖြစ်သည့် KG+9 ပြီးမြောက် အောင်မြင်ရန်နှင့် တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးအတွက် အထောက်အကူပြုစေရန် ယခုဆွေးနွေးပွဲတွင် အလေးအနက်ထား ဆွေးနွေးပေးကြစေလိုပါကြောင်း၊ ရာထူးတိုးပြောင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အလိုက် ဆောင်ရွက်ရာတွင် ယခုဆွေးနွေးပွဲမှ ချမှတ် လိုက်သည့် မူဝါဒများနှင့်အညီ ရာထူးတိုးအပြောင်း အရွှေ့များကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခု ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်နှင့် အကောင်းဆုံး မူဝါဒများ ချမှတ်နိုင်ရေးနှင့် ပညာရေးကဏ္ဍအတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပိုမိုကောင်းမွန်သော မူဝါဒများ ချမှတ်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားရေးတို့အတွက် ဖြည့်စွက်ပြောကြားပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အခြေခံပညာကဏ္ဍ သင်ကြား၊ စီမံရေးရာဝန်ထမ်းများ၏ ရာထူးတိုး အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများ သုံးသပ်ခြင်းနှင့် အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်း နှုန်းမြင့်မားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အပြောင်းအရွှေ့၊ ရာထူးတိုး လုပ်ငန်းများအတွက် အုပ်စုများခွဲ၍ ဝိုင်းဝန်း ဆွေးနွေးကြကာ ဆွေးနွေးချက်များကို အုပ်စုအလိုက် အနှစ်ချုပ်တင်ပြကြသည်။

 

အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက် မှ ၁၅ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်