နေပြည်တော် အောက်တိုဘာ ၁၄

 

လွိုင်ကော် တက္ကသိုလ်ကို အောက်တိုဘာ ၁၃ ရက်တွင် စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယင်းနေ့နံနက်ပိုင်းက လွိုင်ကော် တက္ကသိုလ်အဝေးသင် ဒုတိယအသုတ် အနီးကပ်သင်တန်းများ ဖွင့်လှစ်၍ အေးချမ်းစွာ ပညာ သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပထမနှစ်မှ စတုတ္ထနှစ်အထိ ဖွင့်လှစ်လျက်ရှိသည့် အနီးကပ် သင်တန်းများသို့ တက်ရောက် ပညာသင်ယူ လျက်ရှိကြသော အဝေးသင် ကျောင်းသား ကျောင်းသူများအား ပင်မဆောင်ရှိ စာသင်ခန်းအသီးသီးတွင် ဝင်ရောက်တွေ့ဆုံ၍ လွိုင်ကော် တက္ကသိုလ်ကြီးကို ပြန်လည် ဖွင့်လှစ်ပြီဖြစ်သဖြင့် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ စာသင်ဆောင်၊ အိပ်ဆောင်များ ပျက်စီးမှုကို နိုင်ငံတော်က ဘတ်ဂျက်များစွာ သုံးစွဲ၍ ပြင်ဆင် ပေးခဲ့သဖြင့် ယခုကဲ့သို့ မိမိရပ်ရွာဒေသတွင် အေးချမ်းစွာပညာသင် ကြားခွင့်ရရှိပြီ ဖြစ်ပါကြောင်း၊ စိမ်းလန်းစိုပြည် လှပနေပြီဖြစ်သော လွိုင်ကော်တက္ကသိုလ်ကြီး အစဉ်အမြဲ တည်မြဲလှပနေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြ စေလိုပါကြောင်း တိုက်တွန်း ပြောကြားကာ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဘက်စုံသုံးခန်းမနှင့် ဘာသာရပ်ဌာန ရုံးခန်းများကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေး ခန်းမ၌ လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ ပြည်ထောင်စုဝန်ကြီး၏ ချီးမြှင့်ငွေများကို ခေတ္တပါမောက္ခချုပ်အား ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင် ခန်းမ၊ အိပ်ဆောင်၊ အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး ပြည်နယ်အစိုးရအဖွဲ့ ရုံးသို့သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကို ဂါရဝပြု တွေ့ဆုံနှုတ်ဆက်သည်။

 

ထို့နောက် လွိုင်ကော်မြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်ကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး အားပေးပြီး ပြည်ထောင်စုဝန်ကြီး၏ ချီးမြှင့်ငွေများကို ကျောင်းအုပ်ကြီးများအား ပေးအပ်ကာ လွိုင်ကော် ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများကို တွေ့ဆုံအားပေးစကား ပြောကြား၍ ဆရာဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်