တောင်ကြီး အောက်တိုဘာ ၁၄
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား ဦးထိပ်ထား၍ ရန်ကုန်မြို့ ဓမ္မစကြာကျောင်းတိုက် ဆရာတော်၊ သိမ်တောင်တိုက်သစ် ကျောင်းဓာတ်တော်ပြတိုက် ဆရာတော်များနှင့် မလေးရှားနိုင်ငံမှ အလှူရှင် Dr.Teo Choo Guan (Chairman Of WAKI Inter - national Group) Malaysia က ဓာတုစေတီများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဧည့်ပရိသတ်များက မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် မဟာသုန္ဒရာ ရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက လက်ပန်တောင်း ဆရာတော် ဘဒ္ဒန္တအာဝုဓထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ် ချီးမြှင့်တော် မူသည်။
ဆက်လက်၍ မလေးရှားနိုင်ငံမှ အလှူရှင် Dr. Teo Choo Guan က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် ပြည်နယ်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ဦးစိုင်းလိတ်၊ ဦးမင်းမင်းလွင်၊ ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် စေတနာမွန် ရွှေပဲ စားသုံးဆီလုပ်ငန်း မိသားစုနှင့် အလှူရှင်များက နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးထံ ဆေးနှင့် နဝကမ္မအလှူတော်ငွေများ စိုက်ထူလှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


