မော်စကို အောက်တိုဘာ ၁၄
အရည်အသွေးမြင့်မားပြီး အလေးချိန် ၃၄၀ ကာရက်ရှိ စိန်တုံးကြီးကို ရုရှားနိုင်ငံ အာခန်ဂဲလ်ခ်ဒေသတွင် ရှိသည့် သတ္တုသိုက်တစ်ခုမှ တူးဖော်တွေ့ရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အဲလက်ဇန္ဒြားဆီဘူစကီးက အောက်တိုဘာ ၁၃ ရက်တွင် ပြောသည်။
အဆိုပါ စိန်တုံးသည် ရုရှားနိုင်ငံတွင် တူးဖော်တွေ့ရှိသည့် အကြီးဆုံးစိန်တုံးငါးခုထဲမှ တစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းရှိ V. Grib စိန်တွင်းကို စက်မှုလုပ်ငန်းသုံးတူးဖော်ရေးစတင်လုပ်ကိုင်ချိန်မှစ၍ ယနေ့အချိန်အထိ တွေ့ဖူးသမျှထဲတွင် အကြီးဆုံး ဖြစ်ကြောင်း ဆီဘူစကီးက ပြောသည်။
အဆိုပါ ကျောက်မျက်ရတနာသည် ထူးခြားသည့် အရွယ်အစားကြောင့်သာမက အရည်အသွေးနှင့် ဈေးကွက်တန်ဖိုးတို့ကြောင့်လည်း ထင်ရှားပေါ်လွင်ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။ ထို့အပြင် ယင်းစိန်တုံးကြီးသည် အရွယ်အစားသာမက အရည်အသွေးပါ ထူးခြားသည့်အတွက် သဘာဝစိန်များအနက် ၂ ရာခိုင်နှုန်းသာရှိသော အလွန်ရှားပါးပြီး တန်ဖိုးကြီးမားသည့် စိန်အမျိုးအစားထဲတွင် ပါဝင်ကြောင်း ၎င်းက မှတ်ချက်ပြုပြောသည်။
V. Grib စိန်တွင်းကို ရုရှားစိန်တူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် AGD Diamonds က တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံသည် စိန်ကို ပမာဏအားဖြင့် အများဆုံးထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့် အာခန်ဂဲလ်ခ်ဒေသမှာ နိုင်ငံအတွင်း အဓိကစိန်တူးဖော်သည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


