ထားဝယ် အောက်တိုဘာ ၁၄
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် က အမှာစကား ပြောကြားပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်နိုင်က ထားဝယ်မြို့ရှိ ဆင်ဆိပ်ရပ်ကွက်နှင့် ဇလွန်း ကျေးရွာတို့တွင် စက်ချုပ်သင်တန်း၊ ကျောက်မော် ရပ်ကွက်တွင်တန်ဖိုးမြှင့် စားသောက်ကုန်သင်တန်း၊ သပြေချောင်းကျေးရွာတွင် ဆိုင်ကယ်ပြင်သင်တန်း စသည့်နေရာတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ထားဝယ်မြို့ ကျောက်မော် ရပ်ကွက်၊ ဆင်ဆိပ်ရပ်ကွက်၊ သပြေချောင်းကျေးရွာနှင့် ဇလွန်းကျေးရွာတို့မှ သင်တန်းဆင်း ထူးချွန်သူ ငါးဦးတို့အား တစ်ဦးလျှင် တန်ဖိုးငွေကျပ် ၁၆ သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ပြီး သင်တန်းဆင်း ထူးချွန်သူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါစီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ထားဝယ်ခရိုင်မှ လေးရွာ၊ မြိတ်ခရိုင်မှ သုံးရွာ၊ ကော့သောင်းခရိုင်မှ သုံးရွာ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းတစ်ခုလျှင် ရပ်ကွက်/ ကျေးရွာများအလိုက် အခြေခံနှင့် မွမ်းမံသင်တန်း နှစ်ကြိမ်စီပေးကာ ထူးချွန်သင်တန်းသားငါးဦးအား လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပြီး အောင်မြင်သော အသေးစား လုပ်ငန်းရှင်များ ပေါ်ထွန်းလာအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


