ဒါကာ အောက်တိုဘာ ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ  အထည်ချုပ်စက်ရုံနှင့်  ဓာတုသိုလှောင်ရုံ အဆောက်အအုံများ၌ မီးအကြီးအကျယ်လောင်မှုဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးခဲ့ပြီး   အမြောက်အမြားဒဏ်ရာရရှိခဲ့သည်။

အဆောက်အအုံနှစ်လုံးသည် ဘင်္ဂလားဒေ့ရှ်စီးပွားရေးနှင့် နည်းပညာတက္ကသိုလ် (ဘီယူဘီတီ)ရှေ့ တွင် ဘေးချင်းကပ်လျက်တည်ရှိကြောင်း  ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြထားသည်။

ဒါကာမီးသတ်ဌာနချုပ် မီဒီယာတာဝန်ခံ တယ်လ်ဟာဘင်ဂျာရှင်က  သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့သည်။    မီးလောင်သတင်းပေးပို့မှုကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀  တွင် ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ခုနစ်ထပ်ရှိသည့် အထည်ချုပ်စက်ရုံ၏   တတိယထပ်တွင်   မီးစတင်လောင်ခဲ့ပြီး  မီးသတ်တပ်ဖွဲ့ ဝင်များဖြင့်သာမက မီးသတ်ကားများဖြင့်ပါ  မီးငြှိမ်းသတ်ခဲ့ရသည်ဟု သက်ဆိုင်ရာတာဝန်ရှိသူက ပြောသည်။  

အစွန်းချွတ်ဆေး၊ ပလတ်စတစ်နှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကဲ့သို့သော   ပေါက်ကွဲစေတတ်သည့်  ဓာတုပစ္စည်းများ သိုလှောင်ထားသည့် ဓာတုသိုလှောင်ရုံ မီးလောင်မှုကို အပြည့်အဝထိန်းချုပ်နိုင်ရန် မီးသတ်သမားများက ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ 

မီးလောင်မှုတွင်  ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူများကို  ဆေးကုသမှုခံယူရန် ဒါကာမြို့ရှိ မီးလောင်ခြင်းနှင့် ပလတ်စတစ်ခွဲစိတ်ပြုပြင်ခြင်းဆိုင်ရာ  အမျိုးသားအင်စတီကျုသို့ ပို့ဆောင်ခဲ့သည်။

မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

ဆင်ဟွာ