မိုးညှင်း    အောက်တိုဘာ  ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေမှု အခြေအနေများကို ယမန်နေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးကော်မတီဝင်များနှင့်အတူ အဆိုပါလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး မြို့နယ်ဦးစီးမှူးက ၎င်းကွင်းဆင်းစစ်ဆေးမှုနှင့်ပတ်သက်၍ ၎င်းလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်တတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆင်ဘိုကုန်းကျေးရွာ၌ လေးလက်မအကျယ်ရှိ တွင်းနက် ပေ(၃၀၀) စက်ရေတွင်း တစ်တွင်း တူးဖော်ရာတွင် ရေဂါလံ (၂၄၀၀)ဆံ့ အမြှင့်တင်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဂျိန်းဖောဧရာဝတီကုမ္ပဏီလီမီတက်မှ ယခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ်သန်း (၅၆)ဒဿမ(၅၆၃)ဇွန်လ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနိုင်မှုကြောင့် ဆင်ဘိုကုန်းကျေးရွာတွင် အိမ်ခြေ (၆၅)အိမ်နှင့် လူဦးရေ (၂၉၁)ဦးအပြင် ကျွဲ၊ နွား တိရစ္ဆာန်များပါ သောက်ရေသုံးရေများ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း