နေပြည်တော် အောက်တိုဘာ ၁၅
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် ဇုန်သုံးဇုန်ရှိ သက်ဆိုင်ရာ အားကစားကွင်းများ၌ ဆက်လက်ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ မန္တလေး တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက သုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ခုနစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိပြီး အောက်တိုဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည့် ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
အောက်တိုဘာ ၁၆ ရက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


