နေပြည်တော် အောက်တိုဘာ ၁၅

နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယနှစ် နှင့်စတုတ္ထနှစ် အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ်မှ ကျောင်းသား ကျောင်းသူ ၅၉ ဦးသည် ကြီးကြပ်သူဆရာ ဆရာမများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ လာရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် “နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ Video Clip အားပြသသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး (စီမံ)က အမှာစကားပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် လေ့လာရေးကျောင်းသား ကျောင်းသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွင်းရှိ News Channel Studio တွင် သတင်းထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။

အဆိုပါ လေ့လာရေးကျောင်းသား ကျောင်းသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတု ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်း စတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံး အဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားရှိမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ကျောင်းသား ကျောင်းသူများ၏ ဖြည့်စွက်မှုများကို စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်