နေပြည်တော် အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက် စိမ်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် နိုင်ငံတကာမှ ဆွေးနွေးကြမည့် ပြည်ပ ပညာရှင်များ၊ လေ့လာသူများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ စုစုပေါင်း ၃၅၁ ဦး တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် (NCA) ၏ ၁၀ နှစ် တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်နိုင်ရန်၊ အဓိက သက်ဆိုင်သူ Stakeholders များ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ပေါင်းစည်း ညီညွတ်မှုကိုမြှင့်တင်ရန် ရည်ရွယ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့် ရရှိလာသည့် သဘော တူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အဟန့်အတားဖြစ်စေနိုင်သည့် ဆိုးကျိုးများ တွေ့ကြုံ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကို တည်ငြိမ်မှုရှိအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစပြီး ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်စေရေး အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ပြည်သူအားလုံးက ပူးပေါင်း ပါဝင်ကြိုးပမ်းပေးကြရန် အလေးအနက်ထား ပြောကြားလိုကြောင်း၊ တွေ့ကြုံရမည့် အခက်အခဲ စိန်ခေါ်မှုများ၊ ပဋိပက္ခများကို ဖြေရှင်းရာတွင် လူထုလိုအပ်ချက်နှင့် ပကတိ နိုင်ငံရေး အခြေအနေအတိုင်း ပြောင်းလဲသင့်သည့် နည်းလမ်းများ၊ နည်းဗျူဟာများ၊ အကြံ ဉာဏ်ကောင်းများကို ယခုအလုပ် ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံတကာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းပြော ကြားသည်။

ယင်းနောက် “ဒေသတွင်းနှင့် ကမ္ဘာ့မိတ်ဖက်များ၏ အကူအညီဖြင့် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုကို ပံ့ပိုးနိုင်ရန် ပထဝီ စီးပွားရေးဆိုင်ရာလမ်းကြောင်း များကိုရှာဖွေခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးရန် သဘာပတိက အဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံခြားဧည့်သည်တော် ပညာရှင်များဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ပညာရှင်များက “ဒေသတွင်းချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ “ပဋိပက္ခစီးပွားရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများ၊ “ရွှေ့ပြောင်းအလုပ် လုပ်ကိုင်မှု၊ ပြည်သူ-ပြည်သူအကြားဆက်ဆံရေး၊ ဘေးလွန်/ ပဋိပက္ခအလွန် ကာလ ပြန်လည်တည်ဆောက်ရေး ခေါင်းစဉ်တို့ဖြင့် ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက် လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်းများအပေါ် ဦးဆောင် ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြကာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင် ဆွေးနွေးကြသည့် နိုင်ငံခြားဧည့်သည်တော် ပညာရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာမည့် အပြုသဘောဆောင်သော အမြင်သဘောထားများ၊ အကြံပြု ချက်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ်ပြီးနောက် ပြန်လည် တည်ဆောက်ရေးတို့ အတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲအား အောက်တိုဘာ ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်