နေပြည်တော် အောက်တိုဘာ ၁၅

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ကျေးလက်ကျန်းမာရေးဌာနများ  ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

ကျောက်မဲမြို့နယ်    ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  အခြေခံကျန်းမာရေးဝန်ထမ်းများသည် ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ  ကျေးရွာများမှ ဒေသခံတိုင်းရင်းသား  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊  ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ပြန်လည်အားဖြည့်   ဆောင်ရွက်နိုင်ရန် အတွက်  အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက် (၁၅)နှစ်အောက် ကလေးများအား အထူးအစီအစဉ် (Special Immunization Activities) ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်း  စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့   ရောက်ရှိအောင်  နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိ အသက်(၁၅)နှစ်အောက် စုစုပေါင်း ၁၃၁၈ ဦးကို လိုအပ်သော  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့သည်။

ထို့အတူ    ကျောက်မဲမြို့နယ် လာဘမုနိတရုတ်ဘုံကျောင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက် မှစတင်ကာ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး အောက်တိုဘာ ၅ ရက်မှ ၁၄ ရက်အထိ လူနာ  ၁၃၂၄ ဦးအား   လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။                         

သတင်းစဉ်