နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC–I) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးရာတွင် ပါဝင်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ အသိသက်သေများ၊ NCA ညှိနှိုင်းဆွေးနွေးစဉ်ကပါဝင်ခဲ့ကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)၊ NSPNC ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) မှ တာဝန်ရှိသူများ၊ အိမ်နီးချင်းနိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် စောမူတူးစေဖိုး၊ ဦးဇိုဇမ်နှင့် စိုင်းထွန်းကြည်တို့က တိုင်းရင်းသားများနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးသစ်ပင်တွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ပတ်သက်၍ သဘောထားအမြင်များကို ကိုယ်တိုင်ရေးသားပြီး ချိတ်ဆွဲကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များသည် (MICC-I) Lobby ၌ ခင်းကျင်းပြသထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို (MICC-I) ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို LED Animation ဖြင့် စတင်ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြသည်။
ယင်းနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ် ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းခေတ်မီ ပြည်သစ်ဆီ” တေးသီချင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်ကြပြီး NCA ပေါ်ပေါက်လာပုံနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပုံဖော်ထားသည့် “ NCA မှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကိုပုံဖော်မည် ” Video Clip ကိုပြသသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၏ မိန့်ခွန်းကို စာမျက်နှာ ၇ တွင် ဖော်ပြထားပါသည်။)
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၇ နှစ်ကျော်ပြီဖြစ်ပြီး လာမည့် ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်တော့မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစပြီး ယခုအချိန်အထိ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝခံစားခဲ့ရမှုမရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက ပယောဂ အမျိုးမျိုးကြောင့် တိုင်းရင်းသားပြည်သူများအားလုံး ဒုက္ခဆင်းရဲမျိုးစုံဖြင့် တွေ့ကြုံနေရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် တည်ငြိမ်ပြီး တိုးတက်လျက်ရှိသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း၊ မိမိတို့နိုင်ငံနှင့် အင်အားချင်းတူညီသည့်၊ လူဦးရေအရတူညီသည့်၊ အကျယ်အဝန်းအရ တူညီသည့်၊ စီးပွားရေးအရတူညီသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မိမိတို့နိုင်ငံသည် နောက်ကျနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ နောက်ကျကျန်နေရခြင်းမှာ ပြည်တွင်း ပြည်ပ ပယောဂများကြောင့် ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုးရွားဆုံးမှာ မိမိတို့ နိုင်ငံသားများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများ အားနည်းနေသည်ကို လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရှိရကြောင်း၊ အဆိုပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် မိမိတို့အနေဖြင့် မိမိတို့နိုင်ငံသားများအတွက် ပညာရည်မြှင့်တင်ပေးရန် သင်ခန်းစာ ကြီးမားစွာပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ လွတ်လပ်ရေးရပြီးစမှ ယနေ့အထိ ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုး ကြုံခဲ့ရကြောင်း၊ ပြီးခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတွင် မိမိပြောကြားခဲ့သကဲ့သို့ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ပြီ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လုပ်ဆောင်သည့်အချိန်တွင် ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းလိုသည်ဟု တောင်းဆိုခဲ့ကြခြင်းကြောင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ၂၀၁၁ ခုနှစ်တွင် ပြည်သူများလိုလား တောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်ဖက်မှလည်း ပါတီစုံဒီမိုကရေစီထက်ပြည့်စုံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်ကဖြစ်ပေါ်ခဲ့သည့် အခြေအနေများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်သဖြင့် ယခုအချိန်တွင် ပြုပြင်ရန်လိုအပ်ချက်များရှိသည်ကို မိမိအနေဖြင့် နားလည်ကြောင်း၊ ထို့ကြောင့် ၂၀၂၁ ခုနှစ် မိမိတို့အစိုးရနိုင်ငံတော် တာဝန်ယူပြီးသည့်အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တွေ့ဆုံသင့် တွေ့ဆုံထိုက်သည့် ပုဂ္ဂိုလ်များနှင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ ကိုယ်စားလှယ်များနှင့်သော်လည်းကောင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အချို့သဘောတူညီချက်များကိုပေးခဲ့ကြောင်း၊ မိမိ၏ဆန္ဒမှာ တိုင်းပြည်အေးချမ်းပြီး တိုးတက်သည့် တိုင်းပြည်ဖြစ်စေလိုကြောင်း၊ နောက်ကျကျန်ခဲ့ရသည်များကို သုံးသပ်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖြစ်နိုင်သည်များကို လုပ်ဆောင်ပေးလျက်ရှိပြီး တိုင်းရင်းသားများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့်လည်း ဖြစ်နိုင်သည်များကိုသာ ပြောကြားရန်နှင့် လုပ်ဆောင်ကြရန်လိုကြောင်း၊ မဖြစ်နိုင်သည်များကို ပြောကြားဆောင်ရွက်နေ၍ မရကြောင်း၊ အားလုံးက ဦးတည်ချက်မှန်ကန်စွာဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း။
တိုင်းရင်းသားများနှင့် ပတ်သက်၍လည်း တောင်းဆိုချက်များ ဆောင်ရွက်သည့်အခါတွင် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်တွင် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စဉ်းစားဆောင်ရွက်သည့် အခါတွင် အချိုးကျကိုယ်စားပြုစနစ်သွားရန် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအား ရွေးကောက်ပွဲပုံစံပြောင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း နိုင်ငံရေးပါတီအားလုံး၏ သဘောတူညီမှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရန်အတွက် လက်ရှိအချိန်တွင် စာရင်းပေးထားသည့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၅၁ ပါတီရှိကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲသည် အားကောင်းသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည်ဟုလည်း ပြောကြားလိုကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ရပ်တွင် အတွေ့အကြုံအရ မဲလက်မှတ်များဖြင့် ပေးခြင်းနှင့် ကြိုတင်မဲများပေးခြင်းကြောင့် မဲမသမာမှုနှင့် မှားယွင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မဲမသမာမှုများ ဆောင်ရွက်၍ မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များဖြင့် ဆန္ဒမဲများပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအား တတိယအကြိမ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အချို့နေရာများအတွင် ရာနှုန်းပြည့် ရွေးကောက်ပွဲဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ယခင်က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက် ပွဲ ၃ ရပ်လုံးတွင်လည်း ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် မြို့နယ်များတွင်လည်း နောင်လာမည့် အစိုးရအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဆက်လက်၍ ဆောင်ရွက်သွားရန် စဉ်းစားထားကြောင်း။
အဓိကအားဖြင့် မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများက ရွေးချယ်ထာသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် လိုအပ်ပြီး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ နိုင်ငံတော်၏ သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေးအရ အရေးပါမှုများကို ကြည့်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့သော နိုင်ငံရေးစနစ် မတူညီသည့် ကမ္ဘာတွင် အင်အားကြီးနိုင်ငံများ၌ ပါဝင်သည့် နိုင်ငံကြီးနှစ်ခုအကြားတွင် တည်ရှိနေသဖြင့် မိမိတို့နိုင်ငံအနေဖြင့် မှန်မှန်ကန်ကန်ရပ်တည် ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာလည်း ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပြတ် ဆက်ဆံမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားပြီး အဆိုပါအချက်အပေါ်တွင် အလေးအနက်ထား စဉ်းစားပြီး ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး၊ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးများကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ စဉ်းစားဆောင်ရွက်ရာတွင် မိမိတို့တွင်ရှိသည့် အားနည်းချက်ဖြစ်သော အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများ တိုးတက်မြင့်မားလာရေးအတွက် ပညာရေးနှင့်ပတ်သက်၍ အဓိကထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့် ပထမအဆင့် အနေဖြင့် KG + 9 အထိ မဖြစ်မနေ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မကြာမီကာလက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲဒေသတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အမြန်ဆုံးပညာပြန်လည်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ကလေးငယ်များ၏ ပညာရေးမဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်းမရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သားသမီးချင်း၊ မိဘချင်း ကိုယ်ချင်းစာ၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တစ်နိုင်ငံလုံးရှိ ကလေးငယ်များ ပညာသင်ကြားမှုများ နောက်ကျကျန်ရစ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပြီး ခေတ္တပိတ်ထားခဲ့ရသည့် တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများကိုလည်း အမြန်ဆုံး ပြန်လည်တည်ဆောက် ပြုပြင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီအချိန်တွင်လည်း တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနောက်ကျနေ၍ မရကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စည်းကမ်းတကျဖြစ်သည့် ရွေးကောက်ပွဲဖြစ်လာစေရေး၊ ထိုမှတစ်ဆင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်လျှောက်လှမ်းနိုင်ရန်အတွက် မိဘပြည်သူများ၊ ဒေသအလိုက် ခေါင်းဆောင်များ၊ မြို့မိမြို့ဖများက အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။
မိမိတို့အနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်မှာ ပြည်သူလူထု၏ ဆန္ဒပင်ဖြစ်ကြောင်း၊ ယခုငြိမ်းချမ်းရေးကို ဆောင်ရွက်သည်မှာ နောက်ကျနေပြီဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်တွင်လည်း တပ်မတော်မှ နိုင်ငံတော်တာဝန်ယူထားသည့်အတွက် မဆွေးနွေးနိုင်ဟု ပြောကြားခဲ့သည်များလည်းရှိကြောင်း၊ NCA တွင် တပ်မတော်အနေဖြင့် မိမိကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ပေးထားသည့်ကတိကို မည်သည့်အခါမျှ ဖောက်ဖျက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အချိန်စောစီးစွာဖြင့် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက စောစီးစွာ အကောင်အထည်ဖော်နိုင်နေမည်ဖြစ်ကြောင်း။
ရသည့်အချိန်အတွင်း ဥပဒေပြင်ဆင်ရေးအတွက် သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူပုဂ္ဂိုလ်များအနေဖြင့် ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးကို အမှန်တကယ်ကြည့်၍ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့နိုင်ငံ ဒုက္ခမရောက်အောင်၊ တိုင်းပြည်ကောင်းအောင်လုပ်ကြရန် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် လုပ်ဆောင်ရန် အမြဲအဆင်သင့်ရှိကြောင်းကို ပြောကြားလိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ယင်းနောက် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ အသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijiun၊ အိန္ဒိယအသိသက်သေနှင့် နိုင်ငံခြားရေးအတွင်းဝန်ကိုယ်စား အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Shri Abhay Thakur၊ ထိုင်းနိုင်ငံမှ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ (APRC) ၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း H.E. Mr. Pisanu Suvanajata နှင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးအောင်မင်းတို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားကြသည်။ (ဂုဏ်ပြုစကားများအား စာမျက်နှာ ၉၊ ၁၀၊ ၁၁ တို့တွင် ဖော်ပြထားပါသည်)
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံဒေသတွင်းမှ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကရင်အမျိုးသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးအောင်မင်းတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းရေး ပန်းခင်း” တေးသီချင်းဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသားအနုပညာရှင်ဝန်ထမ်းများက လည်းကောင်း၊ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များက တိုင်းရင်းသားရိုးရာအကများဖြင့် လည်းကောင်း၊ “သွေးကပြောသောသစ္စာ” တေးသီချင်းဖြင့် တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများကလည်းကောင်း သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့များနှင့် တိုင်းရင်းသားအကအဖွဲ့များကို ငြိမ်းချမ်းရေးဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀၀ အား ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားအကအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်


